27

42.9K 5.3K 446
                                    

ဒေါ်လွန်းက ပါလာသည့် အဝတ်အိတ်ထုပ်ကြီးကိုပိုက်၍ ကျောင်းသားတွေအလယ်မှာ သားဖြစ်သူကို ရှာနေမိသည်။ တွေ့ချင်သူက တစ်ခြားတစ်ယောက်ဆိုပေမယ့် သားဖြစ်သူကိုအရင်ရှာမှ ထိုကလေးငယ်အား တွေ့ရပေမည်ကိုး။ အတော်ကြာတဲ့အထိ ရှာမတွေ့တာမို့ ကလပ်က မုန့်ရောင်းသည့်တဲမှာ ထိုင်စောင့်ဖို့သာ ပြင်ရတော့သည်။

ကလပ်ရဲ့ တဲထဲဝင်တော့ နွေသစ်က အဒေါ်လာတာလားဆိုကာ ထိုင်စရာ ခုံခင်းပေးသည်။ ထိုင်ဖို့ပြင်လိုက်ချိန်မှာပဲ ဒီဘက်သို့လာဖို့ပြင်နေသည့် ရာမဇာတ်ခင်းဝတ်စုံတွေနဲ့ လူတစ်စုကို ဒေါ်လွန်း မြင်လိုက်ရသည်။ သေချာစူးစိုက်ကြည့်လိုက်မှ သားဖြစ်သူဘေးက သီတာဝတ်စုံနဲ့ ဟိုကလေးလေး။ အမြန်ထ၍ ထိုကလေးဆီ ပြေးသွားလိုက်သည်။

“အမေ...ရောက်လာ....ဟင်”

လွန်းမာန်မှာ အမေဖြစ်သူက သူ့ဆီများလာတာလားလို့ လက်နှစ်ဖက်ဖြန့်ကြိုဆိုလိုက်ပေမယ့် မျက်လုံးဖြင့် အနည်းငယ်စွေကြည့်ခြင်းမခံရ။ ဘေးမှာပါလာသည့် တိုက်ပုံကိုသာ ဖက်ကာ သူတောင်မနမ်းရသေးသော တိုက်ပုံပါးပြင်လေးအား အားရပါးရဖက်နမ်းနေသည်မှာ မျက်လုံးပင်ပြူးသွားရသည်။ တိုက်ပုံကလည်း အနည်းငယ်လန့်သွားကာ မျက်လုံးလေးပြူးနေသည်။

“ငါ့သားလေး ချစ်စရာလေး ကြည့်စမ်း...မျက်နှာလေးက အေးအေးချမ်းချမ်းလေး... ”

ပါးနှစ်ဖက်ကို အဆွဲခံနေရပေမယ့် တိုက်ပုံက မရုန်းပေ။ အားကိုးတကြီး ကြည့်လာသည့် တိုက်ပုံအကြည့်ကို လွန်းမာန်ကပြုံးပြကာ...

“ကိုယ့်အမေ”

“ဗျာ. ”

ကောင်းထက် လန့်သွားသည်။ အကိုလွန်းမာန်အမေတဲ့လား။ အမြန်လက်အုပ်ချီကာ လောကွတ်ချော်ရတော့သည်။

“မင်္ဂလာပါဗျ သားနာမည်က ကောင်းထက်ဘုန်းပါဗျ၊ မြန်မာစာမေဂျာ ပထမနှစ်ကပါဗျ၊ တွေ့ရတာ ဝမ်းသာပါတယ်ဗျ.. ”

“ဟယ် ချစ်စရာလေးသားရယ်”

ဒေါ်လွန်းက ကောင်းထက်ပါးနှစ်ဖက်ကို ထပ်၍ ဖျစ်ညစ်လိုက်မိသည်။

“အမေလို့ခေါ်ကြည့် အမေ”

“ဗျာ..အ...အ..အမေ”

ဘာကြောင့်ခေါ်ခိုင်းတာလဲဆိုတာ နားမလည်ပေးမယ့်လည်း ငယ်စဉ်ကတည်းက ခေါ်ချင်နေသည့်နာမ်စားလေမို့ ကောင်းထက် ရေရွတ်မိသည်။

Oh my god!!!!(Completed)Where stories live. Discover now