Chapter 7 ( Unicode)

15.3K 1.3K 47
                                    

ညဉီးပိုင်းမှာ ဂျင်ဂျာတို့တွေ ရန်ကုန်ကို ရောက်လာသည်။ ရန်ကုန်မြို့၊ ရွှေတောင်ကြားလမ်းထဲက ခြံကြီးတစ်ခြံရှေ့မှာ ဂျင်ဂျာစီးလာသော ကားက ထိုးရပ်သွားသည်။ ခြံတံခါးဝ အုတ်တိုင်ပေါ်မှာ ချိတ်ထားသော ဆိုင်းဘုတ်ပြားပေါ်မှာ ရွှေရောင်စာလုံးနဲ့ ရေးထားတာက မြတ်တော်ဝင်ဆိုသော အမည်နာမတစ်ခု။ ဒီအိမ်ကြီးက ဒယ်ဒီနေထိုင်ခဲ့သော အိမ်ကြီး။ ပေါ်တီကိုအောက်မှာ ကားရပ်လိုက်တာနဲ့ အိမ်ထဲမှ အမျိုးသမီးသုံးဦး ပြေးထွက်လာသည်။ ကားတံခါးကို လာဖွင့်ပေးကြသလို ကားအနောက်ဖုံးမှာ ထည့်ထားသော ခရီးဆောင်အိတ်တွေကိုပါ ဝိုင်းသယ်ကြသည်။ ဂျင်ဂျာ့ကိုလည်း ဝိုင်းကြည့်ပြီး ပြုံးပြကြသည်။

"အန်တီမြတ်..ဒီကလေးက အန်တီမြတ်ပြောနေတဲ့ မြေးလေးဆိုတာလား"

"အေး ဟုတ်တယ် .. ငါ့မြေးလေးပဲ"

"ငယ်ငယ်လေး ရှိသေးတယ်နော် အန်တီမြတ်"

"ကလေးဆိုပေမယ့် ငါ့မြေးကို ရိုရိုသေသေ ဆက်ဆံကြ"

"ဟုတ်ကဲ့ပါ အန်တီမြတ်"

မြတ်စိတ်ထားသည် ဒီအိမ်က အိမ်အကူတွေက မြေးလေးကို ရှိန်နေရအောင် အမိန့်ပေးလိုက်သည်။ မြတ်တော်ဝင်အိမ်ကြီးသည် အသုဘအိမ်ဆိုပေမယ့် ဆင်းရဲသားရပ်ကွက်ထဲကလို အိမ်ဆူစေသော ဖဲဝိုင်းတွေ လုံးဝမထားရှိလို့ အသုဘအိမ်က ကိုယ့်အိမ်သားတွေပဲ ရှိနေကာ တိတ်ဆိတ်ခြောက်ကပ်နေသည်။

"မင်းမြတ်မွန် .. မင်းလည်း ပင်ပန်းသွားပြီ၊ အိမ်ပြန်နားလိုက်တော့"

"ဟုတ်ကဲ့ အန်တီမြတ်"

ဦးမင်းမြတ်မွန်က ဂျင်ဂျာတို့ စီးလာသောကားကို ဂိုထောင်ထဲမှာ ဝင်ထားပေးပြီးမှ ဂိုထောင်ထဲက ကားတစ်စီးကို ပြန်ယူထုတ်ကာ ဘွားဘွားကို နှုတ်ဆက်ပြီး ခြံထဲက ပြန်မောင်းထွက်သွားသည်။

"မြေးလေး ..လာ ..အိမ်ထဲဝင်ရအောင်"

"ဟုတ် ဘွားဘွား"

ဂျင်ဂျာသည် ဘွားဘွားခေါ်ရာအနောက်ကို ဟိုဒီငေးရင်း ပါလာသည်။ အိမ်ကြီးထဲမှာ ခမ်းနားထည်ဝါလှသော ခေတ်မီလှပသော ပရိဘောဂ အပြင်အဆင် များကြောင့် ဂျင်ဂျာက ဟိုဒီငေးကာ လိုက်ကြည့်နေရသည်။ ဘွားဘွားမြတ်က ဂျင်ဂျာ့လက်ကိုဆွဲကိုင်ကာ အိမ်ကြီး၏ အပေါ်ထပ်ကို ခေါ်လာသည်။

ဗင်ဒါလေးရဲ့ မူပိုင်ရှင် [Completed]Where stories live. Discover now