Chapter 23 ( Unicode)

13.1K 1.1K 105
                                    

မင်းဆက်က ဗင်ဒါနှင့်ပြန်ဆုံသည့် အထိမ်းအမှတ်အဖြစ် မြတ်တော်ဝင်ခြံထဲတွင် ပါတီကျင်းပပေးနေသည်။ ဗင်ဒါ့ကို အသိမိတ်ဆွေများနှင့်ပါ မိတ်ဆက်ပေးဖြစ်သည်။ မင်းဆက်ရဲ့သူငယ်ချင်း‌တွေလည်း ရောက်လာကြသည်။ မင်းဆက် ထင်သည့်အတိုင်း လွှမ်းက ထိုက်သူစိုးနှင့် လိုက်ပါမလာဘူး။

"ဘယ်မှာလဲ မင်းညီလေး၊ ပြစမ်း ငါတို့ကို"

"ပြမှာပေါ့၊ ခဏနေဦး၊ မင်းတို့နဲ့ မိတ်ဆက်ပေးမယ်"

မင်းဆက်တို့အဖွဲ့မှာ social ကောင်းသော ချမ်းမင်းက စကားအရွှန်းဖောက်လာသည်။ သူတို့စုရပ်နေတဲ့ wine table မှာ မင်းဆက်ပါ ဝင်ရပ်လိုက်သည်။ မင်းဆက်ကို သဒ္ဓါက အပြုံးနဲ့ ကြည့်လာသည်။ ဒီညမှာ သဒ္ဓါရော လှမှူးပါ လှနေကြသည်။

"ဘွားဘွား အိမ်ထဲမှာရှိလား ဆက်"

"ဘာလုပ်မလို့လဲ"

"ဘွားဘွားနဲ့ မတွေ့တာကြာလို့ သွားတွေ့မလို့"

"ဘွားဘွားက ဒီအချိန်ဆို ဘုရားရှိခိုးနေလောက်တယ်"

"စောင့်နေမှာပေါ့ဟယ် နင်ကလည်း၊ မတွေ့ရတာကြာပြီ၊ ဘွားဘွားကလည်း ငါ့ကို သတိရနေမှာ၊ သွားတွေ့လိုက်ဦးမယ်"

"သဒ္ဓါ မင်းကလေ ပိုကိုပိုတယ်"

"ငါပိုနေတာက နင့်ကြောင့်ပါ၊ ဘွားဘွားနဲ့ သွားတွေ့ လိုက်ဦးမယ်"

မင်းဆက်လည်း တားမနေတော့ဘူး။ သဒ္ဓါ့ကို လွှတ်ထားပေးလိုက်သည်။ အိမ်ထဲမှာ ဦးမွန်ရှိသည်။ ဦးမွန်က ဘွားဘွားရဲ့အတွင်းရေးမှူးဆိုတော့ ဦးမွန်ကပဲ စီမံခန့်ခွဲပေးလိမ့်မည်။

"ဘွားဘွားရေ ဘုရားခန်းထဲမှာလား၊ သမီး သဒ္ဓါပါ၊ ဘွားဘွားဆီလာတာ"

သဒ္ဓါက ဘွားဘွားကြားရအောင် လှမ်းအော်လိုက်သည်။ အိမ်ကြီးထဲမှာ အရင်ကလို အိမ်အကူတွေကို မတွေ့ရဘဲ တိတ်ဆိတ်နေသည်။ ပါတီရှိနေလို့ အိမ်အကူတွေများ ခြံထဲရောက်နေကြသလား။ အဲ့ဒါဆိုရင် သဒ္ဓါ့အတွက် အချိန်ကောင်းပဲ။

"မိန်းကလေး မင်းက ဘယ်သူလဲ"

ဒီလူကြီးကို မမြင်ဖူးပါ။ အသက်က ၃၅ နှစ်ဝန်းကျင် ရှိလောက်သည်။ ဥပဓိရုပ်က ယောင်္ကျားပီသစွာ သန့်ပြန့်တည်ကြည်နေသည်။ သဒ္ဓါ့ကိုလည်း စုံထောက်လို အကဲခတ်ကြည့်လာသည်။ ဒီလူကြီးကို အရင်က မမြင်ဖူးပါ။ အခုမှ ဘယ်က ရောက်လာတာလဲ။

ဗင်ဒါလေးရဲ့ မူပိုင်ရှင် [Completed]Where stories live. Discover now