"အန်တီ သမီးဖို့ nescafe တစ်ခွက်"
"ဟယ် သမီး အဲ့တာတစ်ထုပ်ပဲကျန်တော့တာ ဒီကလေးလေးအရင်မှာထားလို့၊။ super ယူမလားဟင်"
"ရတယ်ရတယ် အန်တီ။ ဒါဆို ထမင်းဆီစမ်းထုံးစမ်အတိုင်းလေးပွဲ၊ ကြက်ဥကြော်နဲ့သုံးပွဲ၊ အ ပြုတ်နဲ့တစ်ပွဲနော်"
မျက်နှာတစ်ခြမ်းတင် မြင်ရတဲ့ အနေအထားမှာရှိတဲ့ ကောင်မလေးတစ်ယောက်ဟာ အန်တီရခိုင်မယ်ဆီမှာ စားစရာမှာနေလေတယ်။
"အန်တီ ဒါဆို သူ့ကိုပေးလိုက်ပါ ။ကျွန်တော်က superလည်းကြိုက်တယ်"
သူမဟာ ကျေးဇူးတင်ကြောင်းပြတဲ့ မပွင့်တပွင့်အပြုံးလေးငမ့်လင့်လာတယ်။
အို အေးချမ်းလိုက်တာဗျာ ။
မပွင့်တပွင့် အပြုံးသေးသေးလေးဟာ လူကို ဒီလောက်အေးမြစေလျှင် ဟက်ဟက်ပက်ပက်ရီမောသံလေးများသာဆိုရင် ကမ္ဘာကြီး ငြိမ်းချမ်းသွားလေမလား။
တကယ်ပါဗျာ။ ကျောင်းတက်တာ နှစ်၀က်ကျော်လာပြီ။ ကျောင်းရဲ့အလှအချော queenဆိုတာတွေလည်း မြင်ဖူးထားပါပြီ ။ သူလေးကတော့ တကယ်ကို ရွှေရင်အေးလေးပါလား။
"ဟေ့ရောင် မျက်နှာကြီးက ဖြီးလို့ ဘာဖြစ်နေတာလဲ "
"အေးလေ ခုနကတော့ စောစောထလာရလို့ဆိုပြီး သုန်မှုန်လို့"
"ငါ အချစ်နဲ့တွေ့လာတာကွ ဟီးဟီး"
"ဘယ်တစ်ယောက်လဲ ငါတို့လဲ ပြလေကွာ၊ မင်းပဲတွေ့မနေနဲ့"
"ဟာ ဟေ့ရောင်တွေ မင်းတို့မှာက crushတွေမှ ပုံအောလို့ ၊ ငါ့မှာတော့ ဒီတစ်ခါသာ ကြုံဖူးတာပါကွာ အလျော့ပေးကြပါ"
"အေးပါကွာ ဘယ်တစ်ယောက်လဲသာပြ"
သူမက ကျွန်တော်တို့ဝိုင်းနှင့် တစ်ဝိုင်းကျော်ခုံမှာ ကျွန်တော်ရှိရာအရှေ့ဘက်သို့ မျက်နှာမူထိုင်၍နေသည်။ ပတ်၀န်းကျင်ကိုကြည့်၍မနေ။ သောက်လက်စကော်ဖီခွက်ကိုသာငုံ့သောက်နေလေသည်။ မျက်မှန်ကို အခိုးဟပ်သည်ထင်ပါရဲ့။ မျက်မှန်ဝိုင်းဝိုင်းလေးကိုချွတ်လိုက်တော့လည်း ရှင်းရှင်းလေးနှင့် တစ်မျိုးကြည့်ကောင်းပါလား။
"ဟေ့ရောင် မင်းမပြောလည်း ငါသိလိုက်ပြီ မင်းစိုက်ကြည့်နေတာ ဟိုက သိသွားပါဦးမယ်ကွာ ဟန်လေးဘာလေးထိန်းပါဦး"
"အော် အဲ့အမလား ဟုတ်လား "
"အင်း သူ သိပ်ကိုလှတယ်မလား"
"အဲ့အမကို ငါသိတယ် welcome မှာ selectionsရွေးဖို့လာခေါ်တဲ့ထဲမှာ ပါတယ်လေ"
"အာ ငါ အဲ့နေ့က ကျောင်းမတက်ခဲ့တာ ၊ဒါကြောင့် သူ့ကိုမမြင်ဖူးတာကိုး ၊ နာမည်လေးရော သိကြလား"
"မသိဘူးငါတော့ "
"ငါလည်း မသိဘူး ဒါပေမဲ့ စုံစမ်းပေးမယ် ခုတော့ မြန်မြန်သွတ် နောက်ကျရင်roll callမပေးတဲ့ သင်္ချာချိန်ကွ"
ဆံပင်ထူနက်နက်တထွေးကို ဖဲကြိုးဝါလေးနဲ့ ကပိုကယိုချည်ထားသော သူမသည်ကား သူမအဖော်များနှင့် အတူ ကျောင်းဘက်ဆီသို့ ထသွားကြလေပြီ။
ရင်ခုန်ခြင်းနှင့် ရင်အေးခြင်းကို တပြိုင်နက်တည်း ဖြစ်ပေါ်စေခဲ့သော သူမအပေါ် ကျွန်တော့်အချစ်၏ ရှေ့ပြေး၊ စိတ်၀င်စားခြင်းသည်ကား စတင်တော့သည်။