13

827 69 5
                                    

နှစ်လ ဟူသော အချိန်၌ သူမ အများဆုံးလုပ်ဖြစ်သည့် အရာများမှာ ထူးထူးခြားခြားရယ် ဟု မရှိလှပါ။ မေမေကတော့ နေ့တိုင်းလိုလို ဟင်းချက်သင်ပေးချင်လှသည်။ ခက်တာက သူမမှ မချက်ချင်ပဲ။

ကိုယ့်ပုံစံက အများအမြင်တော့ ခပ်အေးအေးလေး ။ ဗိုင်းကောင်းကျောက်ဖိလေး လို့ ထင်ချင်စရာ။ စာအုပ်ဖတ်သည့် အချိန်မှ လွဲလျှင် ကျန်သည့်အချိန်များမှာ စိတ်ရူးပေါက်လျှင် ပေါက်သလို သောင်းကျန်းတတ်တာကို လူတွေမှ မသိကြပဲ။

  အဲ ဟိုကောင်လေးတော့ သိသွားမှာပဲ။
သူ့ရှေ့မှာ ထိန်းမနိုင်အောင် က ခဲ့မိတာကိုး။ ပြီးတော့ ပိုင်စိုးပိုင်နင်းနဲ့ ငါ့ကို ခေါ်မယ့်အရေးမှာ ငါ့ကိုခွင့်မတောင်းပဲ သူများကို သွားပြောတယ်။

စိမ့်ကို သူ စကားပြောချင်လို့ နေမှာပေါ့။ ဟင်း။ ဒီကောင်လေး‌လဲ ဘာထူးလို့လဲ ။ အရင်က လူတွေလိုပဲ။ စိမ့်နဲ့ နီးစပ်ချင်တာနဲ့ ဒီလူကိုပဲ လာကပ်ကြတယ်။ မသိရင် ဟောဒီကကောင်မကြီးက အောင်သွယ်တော်မကြီးလိုလို။

       သူပြောဖူးပါတယ် ။ ဘာတဲ့။ အမနဲ့ဆို ဘာပဲလုပ်ရလုပ်ရ ဆိုလား။ အဲလိုတွေ မထိတထိ လာပြော။ ပြီးတော့လဲ ငါ့ကိုကြိုက်ကြတာမဟုတ်ဘူး။ ဒင်းတို့ယောကျာ်းတွေဆိုတာ ခင်တတ်လို့ အရော၀င်ပေးတာကို အသားက ခပ်ယူယူ။
             ဒါပေမဲ့  သူငါ့ကို တကူးတက
ရေလာလောင်းသွားတယ်လေ။ စိမ့်ကိုလောင်းချင်လို့ ငါ့ကိုချဉ်းကပ်လာတဲ့ လူတွေလို မဟုတ်တဲ့အတွက် ပထမဆုံး ၀မ်းသာမိသား။ ဒါပေမဲ့ ဒီလောက် ချောမောတဲ့ ကောင်လေးက ကိုယ့်ကို ကြွေနေတာတော့ မဖြစ်နိုင်ပါဘူးမလား။ အို ဘာဖြစ်လဲ ကြွေကြွေ မကြွေကြွေ။ ဘာတွေ မျှော်လင့်နေတာလဲ။
ဒီတိုင်း သူဟာ ခင်ဖို့ကောင်းတဲ့ မောင်လေးတစ်ယောက်ပါပဲ။

           "ဒွီ ဒွီ"

"ဟယ်လို "

"ဟယ်လို မမီမီကျော်လားဗျ"

"ဟုတ် ဘယ်သူလဲ မသိ"

"အာ ကျွန်တော်ပါ"

"ဘယ်က ကျွန်တော်လဲ"

"အမ နေကောင်းတယ်နော်"

"ဟဲ့ ဘယ်က ကျွန်တော်လဲလို့"

"အမက လိုင်းမှ မတတ်တာ ကျွန်တော် စိတ်ပူတာပေါ့"

"အေး အဲဒီကျွန်တော်က ဘယ်သူလဲ"

"ကျွန်တော့်နာမည် ခွန်ခန့်မင်းပိုင်  ပါခင်ဗျ"

တီ....

ဗုဒ္ဓေါ ။ သူ့အကြောင်း တွေးနေတာ သိသွားလို့လား။ အို့ ကြံကြံဖန်ဖန်
မိယွန်းရယ်။ ဘုရား ဘုရား ။ ဒီကောင်လေး လူကို ရင်တုန်အောင် သိပ်လုပ်။

ကဲ။ထင်တဲ့ အတိုင်းပဲ ။ နာမည်ပြောရင် ဖုန်းချလိုက်မည်ကိုစိုး၍ မပြောသည်ကို
နာမည်ကြားသည်နှင့် ဖုန်းချသွားသည်ပဲ။

အဲလိုကြီး မရက်စက်ပါနဲ့ဗျာ။ ခက်ခက်ခဲခဲ မစိမ့်ဆီက စုံစမ်းရလာလို့မှ ပျော်ခါရှိသေး။

ခင်ဗျား မကြိုက်ရင် မဆက်ပါဘူး။ ဒါပေမဲ့  မီ ဘာတွေလုပ်နေလဲ သိပ်သိချင်တာပဲ။

တစ်နေ့တစ်နေ့  ပျင်းစရာကောင်းလှတဲ့ကျောင်းပိတ်ရက်ရယ် မြန်မြန်ကုန်မှပါပဲ။ ပြီးတော့ ကျောင်းဖွင့်ရင်လေ ခင်ဗျားကို ကျွန်တော် သိပ်လွမ်းရတဲ့အကြောင်းတွေကို ပြောမယ်။ သိပ်ချစ်ရတဲ့အကြောင်းကိုလည်း ပြောမယ်။
‌ခင်ဗျားလေး လက်ခံမယ်မလားဟင်။

ကျွန်တော့်ရဲ့crushWhere stories live. Discover now