ညမှောင်ရီပျိုးနေပြီ။ ရထားလည်း စတင်ကာ ထွက်လေပြီ။
ရထားတစ်တွဲလုံးမှာ
ယောကျာ်းလေး 11 ယောက် မိန်းကလေး 8 ယောက် စုစုပေါင်း 19ယောက်ရှိသော သူတို့အဖွဲ့ချည်း ဖြစ်သည်။သူမနှင့် မျက်နှာချင်းဆိုင် ခုံမှာထိုင်လာသော သူကို ကြည့်၍ ယွန်းမီမှာ မျက်လုံးပြူးရတော့သည်။ ဘေးက စိမ့်ကို ကြည့်လိုက်တော့ ပြုံးတုံတုံဖြင့်သာ။
"ကျွန်တော် ဒီမှာ ထိုင်လို့ရလား ဟင်"
အော် ရှင်လေးက ထိုင်တောင်ထိုင်ပြီးပြီလေရှင်။
သူမက ပြန်မဖြေ။ စိမ့်ကသာ
"ထိုလေ မောင်လေး ဘယ်နားထိုင်ထိုင် ရတယ်"
မင်းသန့်နှင့် ကျော်စွာသည်က ထိပ်ဆုံးနားက ခုံများမှနေ၍ သူ့ကို လှမ်းကြည့်နေကြလေပြီ။ သူတို့စိတ်ထဲ ဒီကောင် သွက်လှချည်လား လို့ ထင်မှာပေါ့လေ။
တကယ်တမ်း ဒီက ကောင်က ဇွတ်သတ္တိတွေ မွေးနေရတာဗျိုး။နှစ်ခုံတွဲများ မျက်နှာချင်းဆိုင်ထားသော ခုံများဖြစ်၍ ဟိုဘက်ခုံများမှာက
မိန်းကလေးများ၊ သူ့ရှေ့မှာလည်း crush
အကောင်လိုက်ကြီးက ရှိနေလေရာမှာ
ဘယ်သူက ရင်မတုန်ပဲ နေပါ့မလဲလေ။"ကဲ သီချင်းဆိုကြမယ်ဟေး"
ကယ်တင်ရှင် ကိုရန်ဟိန်းသည် သူ့ဘေးမှာ လာထိုင်သည့်အတွက် သူ့မှာ
အနည်းငယ် စိတ်အေးရပါသည်။ဂီတာကို သံစဉ် စညှိနေသော ကိုရန်ဟိန်းမှာ ပါးစပ်က ဖက်ကြမ်းဆေးလိပ်တိုကိုခဲထားသေးသည်။
တစ်ချို့မိန်းကလေးများမှာ ဆေးလိပ်နံ့ မခံနိုင်ကြသဖြင့် စိုးရိမ်မိစွာ မီ့ကို ကြည့်မိသည်။သူမသည်ကား ရထားပြတင်းတံခါးမှ တစ်ဆင့် မှုန်ပြပြသော မြင်ရသော အပြင်ဘက်သို့ ငေးနေလေသည်။
ဆောင်းဦးရာသီ ဖြစ်၍ လေအေးများက မျက်နှာသို့ တရစပ် တိုး၀င်နေသော်လည်း ထိုအအေးကိုပင် သူမနှစ်သက်ပါလေသည်။
ဟိုကလေးက ရှေ့တည့်တည့်မှာ လာထိုင်လေတော့ စူးရဲစွာ ကြည့်လာတဲ့
အညိုရောင် မျက်၀န်းရှည်သွယ်သွယ်တို့နှင့် မကြာခဏ ဆုံနေရခြင်းကြောင့်
အပြင်ကိုသာ ငေးကြည့်သယောင် ပြုရလေတယ်။ ဒုက္ခပါပဲ ။ သူ့ဟာသူ အေးဆေးထိုင်နေတာကို နင်က ဘာတွေများ အနေရခက်နေတာလဲ မီမီကျော်ရယ်။