Part 04

4.8K 327 2
                                    

(unicode)
"ဦးလေးအန်း"

ခြံတံခါးရှေ့တွင် ရပ်စောင့်နေသော အိမ်တော်ထိန်းအန်းကြောင့် ခမ်းသည် နှေးကွေးနေသော ခြေထောက်များကို ခပ်သွက်သွက် စေခိုင်းလိုက်ရသည်။

"ခြေထောက်မှာလည်း ဒဏ်ရာတွေနဲ့ လက်တွေမှာရောပဲ။ ဘယ်လိုဖြစ်လာတာလဲ ခမ်းရယ်"

အိမ်တော်ထိန်းအန်းသည် လက်ထဲမှ စကိတ်ကို ဆွဲယူကာ ဟိုကြည့်ဒီကြည့်ဖြင့် မေးတော့သည်။

"လမ်းမှာ စကိတ်စီးရင် ချော်ကျတာ ဦးလေးအန်း။ ဘာမှမဖြစ်ဘူး"

ရယ်ကျဲကျဲဖြင့် သူ ဘာမှမဖြစ်ကြောင်း ခြေခါခါ လက်ခါခါဖြင့် ပြောသည်။ တစ်ချိန်တည်းမှာပင် တိုင်ကပ်နာရီကြီးကို ကြည့်မိပြန်သည်။ လေးနာရီခွဲ။ သူ့မျက်လုံးတွေ ပြူးကုန်ရသည်။ ဆယ်မိနစ်သာ ဝေးသောခရီးကို နာရီဝက်ကြာသည်အထိ ဘယ်လိုတောင် လျှောက်လာခဲ့သလဲ။ ပြီးနောက် 'အိမ်ပြန်ရောက်ရင် စာရင်းရှင်းမယ်' ဆိုသောစကားကြောင့် အိမ်တော်ထိန်းကို ကြောက်လန့်တကြား ကြည့်မိသည်။

"ဦးလေးအန်း၊ ကိုကိုရော"

အိမ်တော်ထိန်းအန်းမှာ အကြောင်းစုံကို မသိသော်လည်း အရိပ်ပြလျှင် အကောင်မြင်တတ်သူ ဖြစ်တာကြောင့် ခမ်း ပြဿနာတတ်တော့မည်ကို သိလေသည်။

"သခင်လေးက ပြန်လာထဲက အပေါ်မတက်သေးဘဲ ဧည့်ခန်းမှာ ထိုင်နေတယ်။ မင်းနဲ့ တစ်ခုခုဖြစ်လာလို့လား ခမ်း"

ရင်ဘတ်ထဲတွင် မီးရထားအစင်းတစ်ရာခန့် ဖြတ်ပြေးသွားသလို ခံစားလိုက်ရသည်။ စောင့်ရတာကို မုန်းသော ဘုန်းသွင်က သူကလေးကို ထိုင်စောင့်နေသည် ဆိုတော့...။

ကလေးငယ်သည် စကားတစ်ခွန်းမှ မဆိုနိုင်ဘဲ လွယ်အိတ်ကို အိမ်တော်အန်းလက်ထဲ ထိုးထည့်ကာ ဧည့်ခန်းဘက် ပြေးထွက်သွားမိသည်။ မြန်ဆန်လွန်းသော အမူအရာကြောင့် အိမ်တော်ထိန်းအန်းပင် ကြောင်သွားရ၏။ ဧည့်ခန်းသို့ ရောက်လာသောအခါ ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်နေသော ဘုန်းသွင်ကို တွေ့ရသည်။ သူ့ကိုကိုက မျက်လုံးတို့ကို မှိတ်ထားသည်။ တင်းတင်းစေ့ထားသော နှုတ်ခမ်းတို့က အလိုမကျမှု များစွာကို ဖော်ပြနေလေရဲ့။

Submissive 2.0 (completed)Where stories live. Discover now