Part 40

1.9K 135 1
                                    

(unicode)
စံအိမ်နားရှိ မီးတိုင်ကြီးသည် ရုတ်တရက်ကြီး ဘာစိတ်ကူးတွေများ ထပေါက်လည်းမသိ။ လွန်ခဲ့သော နာရီအနည်းငယ်ခန့်က အကောင်းပကိအတိုင်း လင်းထိန်နေရာမှ အခုများတော့ လမ်းသွယ်တန်းကို အလင်းရောင်ကို ပေးစွမ်းဖို့နေနေ သူ့ဆီမှ မီးရောင်ဖျော့ဖျော့လေးကိုပင် မြင်ရလျှင်ကံကောင်း။ ကြည့်ရတာ သူ့အနားတွင် တတိယကမ္ဘာစစ်ကြီး ဖြစ်ပွားတော့မည်ကို ကြိုတင်သိရှိ၍ အစောကြီးကတည်းက အထုပ်ဆွဲကာ ပြေးနှင့်ပြီ ထင်ပါရဲ့။

"မင်း ဘာစကားပြောလိုက်တာလဲ"

ဆိတ်ငြိမ်နေသော ပတ်ဝန်းကျင်တွင် ဒေါသရိပ်တို့ လွှမ်းမိုးနေသည့် အမိန့်တစ်စုံသည် ဟိန်းခနဲ ပေါ်ထွက်လို့။ သစ်ပင်ပေါ်တွင် အိပ်မောကျနေသော ငှက်သူငယ်လေးများ လန့်နိုးသွားရမည်ကိုပင် စိုးထိတ်ရ၏။

"မင်း အဲဒီစကားကို နောက်တစ်ခေါက် ပြန်ပြောစမ်း"

မည်းနက်လှသော ဤအမှောင်ထုသည် တနုံ့နုံ့ထွက်လို့လာသည့် ဒေါသအစုံကို လွှမ်းခြုံနိုင်သည့်ပုံမပေါ်။ မပြည့်တပြည့် လခြမ်းစိတ်လေး၏ အလင်းရောင်ဖွေးဖွေးအောက်တွင် ခက်ထန်နေသော မျက်ဝန်းတစ်စုံမှာ အရိုင်းဆန်စွာ နီရဲလို့။ ခပ်နုနု လက်ကောက်ဝတ်လေးကို အားကုန်သုံးကာ ဖျစ်ညှစ်ပစ်ရင်း အဆုံးမရှိသောဒေါသတို့ကို တစ်ဖက်တစ်လမ်းမှ ဖြေလျော့မိ၏။

"ကိုကို၊ အ"

တင်းကြပ်စွာ ဆုပ်ကိုင်ထားသော ထိုလက်ကောက်ဝတ်ကလေးကို မပြောမဆိုနှင့် ဆောင့်လွှတ်ချလေတော့ သူ့ကလေးလေးသည် နာကျင်စွာ ညည်းတွားလို့။ အနီရဲရဲ အရေပြားလေးပေါ်တွင်လည်း သွေးစို့နေသော လက်သည်းရာများက အကျည်းတန်စွာ နေရာယူလေရဲ့။ သို့သော် သူ့ကိုကိုအကြောင်း နောကြေအောင် သိရှိထားပြီးဖြစ်သော ကလေးငယ်သည် ထိုဒဏ်ရာနှင့် ပတ်သက်၍ ဘာဆိုဘာမှ ပြောမလာ။ သူ့ပယောဂကြောင့် အသိစိတ် မကပ်တော့သော သူ့ကိုကို၏လက်ဆကို ကောင်းစွာ သဘောပေါက်လေရာ ထိုအနာကိုသာ ကျန်လက်လေးတစ်ဖက်ဖြင့် ခပ်ဖွဖွ ပွတ်မိ၏။

"မင်း နားပင်းနေလား"

မှောင်မိုက်ပြီး လူရှင်းနေသည့် လမ်းထောင့်လေးဖြစ်သည့်အလျောက် ဘုန်းသွင်ကြည့်ရတာ ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်တော့သည်ဟန်။ သူ့အရှေ့တွင် ကျုံ့ကျုံ့ကလေး ရပ်နေသော ကလေးငယ်အား စူးစူးရဲရဲစိုက်ကြည့်ကာ ကြမ်းတမ်းသော နှုတ်ထွက်စကားတို့ဖြင့် ဟိန်းဟောက်မိသည်။ ထိုအခါ လိမ္မာသော ကလေးငယ်က ခါတိုင်းလို ခေါင်းလေးခါကာ "မဟုတ်ပါဘူး" ဟု သူ့ကိုကိုကို မငြင်း။ ခြေရင်းရှိ ကျောက်စရစ်ခဲလေးကို ငေးမောကြည့်ကာ အသက်ကိုသာ ဖြေးဖြေးမှန်မှန်လေး ရှူနေ၏။

Submissive 2.0 (completed)Where stories live. Discover now