Part 28

2.2K 155 8
                                    

(unicode)
အလာလမ်းသည် ချိုမြိန်ခဲ့သလောက် ယခုအိမ်ပြန်လမ်းသည် ကလေးငယ်အတွက် ခါးသီးလွန်းလှသည်။ ခါးပတ်ပြားလေးကို လက်ချောင်းနုနုလေးများဖြင့် ခပ်တင်းတင်း ဆုပ်ကိုင်ထားသည့် ကလေးငယ်၏ အမူအရာများက မျက်ရည်ပေါက်များကို နောက်ထပ်စီးမကျအောင် တားဆီးရန် ကြိုးစားနေသည့် အပြုအမူများနှင့် တစ်ထပ်တည်း။

သို့ရာတွင် ကလေးငယ်က သူ့မျက်ဝန်းဝိုင်းဝိုင်းတို့မှ ပုလဲပေါက်လေးများကို အောင်မြင်စွာ ပိတ်ပင်ထားနိုင်သော်လည်း ရင်ဘတ်ထဲမှ တလိပ်လိပ် တက်လာသည့် ဝမ်းနည်းမှုကို တွန်းလှန်နိုင်သည့်ပုံမပေါ်။ တစ်ချက်တစ်ချက် အသက်ရှူလိုက်လျှင် ရှိုက်သံလေးတွေ ရောစွတ်လို့။ လိမ္မာသည့်ကလေးက သူ့နှုတ်ခမ်းပါးလေးကို သွေးမထွက်ရုံတမယ် ဖိကပ်ထားကာ ရင်ဘတ်ထဲမှ ရှိုက်ကြီးတငင် ငိုကြွေးသံများကို အတတ်နိုင်ဆုံး လျစ်လျူပြုနေရန် ကြိုးပမ်းနေတော့သည်။ သူ့ကိုကို ကားမောင်းနေရင်း အနှောင့်အယှက်ဖြစ်မှာ စိုးလို့တဲ့လေ။

မီးနီတွင် ရုတ်တရက် ဘရိတ်ကို ဆောင့်နင်းပစ်လိုက်သည်ကြောင့် အရှေ့သို့ ကြည့်နေခြင်း မရှိသည့် ကလေးငယ်ခင်ဗျာ ဟန်ချက်ပျက်သွားရသည်။ ခါးပတ်ပတ်ထားပေလို့။ မဟုတ်လျှင် ကလေးငယ် သူ့နဖူးလေး ညိုမည်းသွားမည်မှာ ဧကန်ပင်။

"ကျစ်"

ရှေ့မကြည့် နောက်မကြည့်၊ အောက်ကိုသာ ပေါက်ထွက်လုမတတ် ငုံ့ကြည့်နေပြီး နမော်နမဲ့ နိုင်လွန်းသည့် သူ့ကို သူ့ကိုကိုက သိပ်ကြည်သည့်ပုံမပေါ်။ မျက်မှောင်တို့ကို အဆုံးထိ ကြုတ်ထားကာ စုပ်တစ်ချက်ကို ဟန်ပါပါသပ်လို့။ ကလေးငယ်ဖြင့် ကြောက်လွန်း၍ အသံပင် မထွက်နိုင်တော့ပြီ။ ထို"ကျစ်" ဆိုသည့် အသံနှင့်မပြီးသေး။ ကားစီရာတိုင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည့် ထိုလက်ဖျံမှ သွေးကြောစိမ်းစိမ်းတို့ကလည်း ဘေးရှိ သူ့ကလေးလေးကို အကြိမ်ကြိမ် ခြောက်လှန့်နေပြန်တော့သည်။

"စောက်ချိုးကို မပြေဘူး"

ပြတ်သားလှသည့် ထိုစကားလုံးခြောက်လုံးပြီးနောက် ကလေးငယ်၏ တင်းထားသည့် စိတ်အစုံတို့ ချုံးချုံးကျသွားခဲ့ရသည်။ တစ်လမ်းလုံး ထိန်ထားလာသည့် မျက်ရည်ပူများကလည်း ဟိုတစ်ကြောင်း ဒီတစ်ကြောင်းနှင့် ကျော့ရှင်းလှသည့် မျက်နှာနုနုထက် အကျည်းတန်စွာ နေရာယူပြန်သည်။ အကြောပြိုင်းပြိုင်းထနေသည့် လက်တစ်စုံနှင့် ရိုက်လျှင် အရိုးစွဲအောင် နာကျင်စေသလောက် နူးညံ့ခြင်းမရှိသည့် ထိုစကားလုံးများက အသည်းနုသည့် ကလေးငယ်ကို ပို၍နာကျင်စေသည်လေ။

Submissive 2.0 (completed)Where stories live. Discover now