Part 30

2.4K 161 7
                                    

(unicode)
တစ်ခုသော နံနက်ခင်း၏ လူလာနည်းသည့် ပန်းခြံလေးတွင်ဖြစ်သည်။

ပန်းဆွေးဆွေးများက ခေါင်းချင်းဆိုင်ကာ တစ်စုံတစ်ခုသောအကြောင်းကို အကြီးအကျယ် ဆွေးနွေးနေကြသည်ထင်။ အနီးအနားရှိ လေပြေအေးက သူတို့ကြား တိုးဝင်ရန် ကြိုးစားသည်ကိုပင် အဖက်မလုပ်အား။ ဖြူဖျော့ဖျော့ ပန်းခြောက်တို့ အချင်းချင်း ပူးကပ်ကာ အတင်းတုတ်နေလိုက်တာများ။ ပတ်ဝန်းကျင်ကိုပင် မေ့လျော့ကုန်ပြီ ထင်ပါရဲ့။

ထိုအခါ ဘေးနားတွင် ဝေ့လည်ကြောင်ပတ် လုပ်နေတာ ကြာပြီဖြစ်သည့် တိုက်လေအေးက အနှီးပန်းခက်တို့ကို မနေနိုင် မထိုင်နိုင် မေးမိတော့သည်။ 'ဘာအကြောင်းမို့ ဘယ်လိုတောင် စိတ်ဝင်တစား အတင်းတုတ်နေရလဲ မမတို့ရေ'တဲ့။

'မမ'ဟူသည့် တစ်မူထူသည့် အခေါ်အဝေါ်ကြောင့် ခေါင်းချင်းဆိုင်လျက်နေသည့် ဖြူလွလွ ပန်းခိုင်များသည် မတ်ခနဲ။ အသံလာရာဘက်ကို 'တစ်...နှစ်...သုံး' ဟူသည့် အမှတ်စဉ်ပင် ဆုံးအောင် မရေတွက်လိုက်ရဘဲ လှည့်ကြည့်လာကြသည်။ တယ်လည်း တတ်နိုင်ပါဘိ။ သို့သော် တစ်ဖန် 'တစ်...နှစ်...သုံး' ဟူ၍ပင် မဆုံးသေးဘဲ မူလ အနေအထားအတိုင်း ခေါင်းချင်းပြန်ဆိုင်သွားကြသည်။ ဪ...။

ထိုကဲ့သို့ သိသာလွန်းသည့် မမများ၏ အမူအရာကြောင့် လေအေးကောင်လေး သဘောပေါက်လိုက်ပြီ။ ကြည့်ရတာ သူသည် ထိုမမများ အတင်းတုတ်နေသည့် လူသားကောင်လေးလောက် မတင့်တယ်ဘူးထင်ပါရဲ့။ ဘယ်လိုတောင် ရင်နာစရာ ကောင်းလိုက်လေခြင်း။

လေပြေလေးလည်း မသက်သာတော့သည့်အဆုံး ခုံတန်းလေးတွင် မှိုင်မှိုင်ကလေး ထိုင်နေသည့် ကျောင်သားလေးကို တစ်ချက်ကြည့်ကာ အဝေးသို့ ထွက်ခွာသွားရန် ခြေလှမ်းပြင်လိုက်သည်။ သို့သော် ထိုလေအေးသည် ပန်းခြံထဲမှ ထွက်မသွားမီ ထိုကျောင်းသားလေးကို တစ်စုံတစ်ရာ တီးတိုးပြောဆို သွားသေး၏။ 'မာနကြီးတဲ့ မမတို့တောင် ကြွေကျကုန်ပြီ။ မင်း ပျော်ပျော်နေစမ်း 'တဲ့။

~*~*~*~~~*~*~*~

ဒီနေ့သည် ခြောက်ရက်မြောက်နေ့။ ရှည်လျားသည့် ရက်တို့ကို လက်ချိုး၍ ရေတွက်နေသည့် ကလေးငယ်သည် လက်ချောင်းငါးချောင်း ပြည့်သွားပြီဖြစ်သည့် သူ့ဘယ်ဘက်လက်ကို ဖြေးညင်းစွာချကာ လက်တစ်ချောင်းသာ ထောင်ရသေးသည့် သူ့ညာဘက်လက်ကို ခပ်တွေတွေကြည့်သည်။ ဒီညာလက်ပါ ပြည့်သွားရင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုလုပ်ရမလဲ။ စံအိမ်ကြီးက ထွက်သွားရမှာပေါ့။ အပြီးတိုင် စွန့်ခွာရတော့မှာ။

Submissive 2.0 (completed)Where stories live. Discover now