Part 31*

3.5K 138 7
                                    

(unicode)
အပူပေးစက် အကောင်းစားကြီးကို တခမ်းတနား တပ်ဆင်ထားသော်လည်း ကလေးငယ်၏ အငွေ့အသက်များ ကင်းမဲ့နေသည့် ဤအိပ်ခန်းကြီးသည် သခင်အဖို့ အေးစက်နေသယောင်။ ညသန်းခေါင်ကျော်နေပြီဖြစ်ရာ သခင်သည် အိပ်မပျော်နိုင်ရန် ဝေးစွ။ မျက်လုံးနှစ်ဖက်ကိုပင် မိနစ်ဝက်ပြည့်အောင် မမှိတ်ထားနိုင်။ အမှောင်ထုထဲတွင် ငိုယိုနေရှာသည့် သူ့ကလေးငယ်၏ မျက်နှာလေးကို မြင်ယောင်မိနေ၏။

သခင်သည် ကျယ်ဝန်းလှသည့် သူ့ကုတင်ကြီးပေါ်တွင် ဟိုဘက်လှိမ့်၊ ဒီဘက်လှိမ့် လုပ်၍နေသည်မှာ အခေါက်ပေါင်းမနည်းတော့ပြီ။ ဤတွင် သူ့လက်ချက်ကြောင့် တွန့်ကြေသွားသည့် အိပ်ရာခင်းစလေးကိုလည်း အားမနာနိုင်။ သူ့ကလေးလေးက သူ့နံဘေးတွင်မှ မရှိဘဲ။

သို့ရာတွင် သူ့အနားတွင် ရှိမနေသည့် ကလေးငယ်ကို ခါတိုင်းလို ဂုတ်မှကိုင်ဆွဲ၍ အနားသို့ ပြန်ခေါ်ထား၍လည်းမရ။ ဤကိစ္စအားလုံး၏ တရားခံသည် ဘုန်းသွင်ဆိုသည့် သူကိုယ်တိုင် မဟုတ်လား။ နုနယ်လွန်းသည့် သူ့ကလေးလေးကို ဆိုးရွားသည့်တစ်ခုခု လုပ်မိမည်စိုးတာကြောင့် သူ့မျက်စိရှေ့မှ ထွက်သွားရန် အမိန့်ပေးခဲ့ခြင်းဖြစ်ရာ ထိုအထက်စီးဆန်သည့် အမိန့်တစ်စုံ၏ နောက်ဆက်တွဲအကျိုးကို ကလေးငယ်တော့မသိ။ သခင်ကိုယ်တိုင်မှာတော့ အတော့်ကို ခံစားနေရပြီဖြစ်သည်။

"ကျစ်" ဟုဆိုကာ သခင်သည် ပွရွနေသည့် ဆံပင်ထဲသို့ လက်ထည့်ကာ နောက်တစ်ကြိမ် ထပ်မံ၍ အားပြင်းပြင်း ထိုးဖွမိသည်။ ဤပုံစံအတိုင်း ဆက်ထိုးဖွနေလျှင် သေချာသည်။ သူ့ဦးခေါင်းရှိ ဆံပင်မွှေးများ အဆုပ်လိုက် ကျွတ်ထွက်ကုန်တော့မည်ပေ။

"မင်း အရူးပဲ ဘုန်းသွင်"

သူ့ကလေးလေးကို မနက်ခင်းရောက်ခါမှ သူကိုယ်တိုင် ပြန်ချော့မည်ဟု လျာထားမိသော်လည်း ထိုအစီအစဉ်က အရာမယွင်း။ သူအလုပ်များနေသည့် ရက်ပိုင်းအတွင်း ကလေးငယ်ကိုယ်တိုင်က သူ့ဆီသို့ ရောက်မလာ။ တကယ်ကြီး နေနိုင်လိုက်တဲ့ သူ့ကလေးလေးရယ်ပါ။

အလိုမကျခြင်းတွေဖြင့် ရက်ပေါင်းများစွာကို ဖြတ်သန်းလိုက်ရသည့်အတွက် ကြည်လင်နေခြင်းမရှိသည့် သခင့်စိတ်အစုံသည် ယခုသူ့မျက်စိရှေ့ရှိ မူမမှန်သည့် မြင်ကွင်းကြောင့် ပေါက်ကွဲထွက်တော့မည်ထင်သည်။ အလုပ်ကိစ္စများကို အပြီးသတ်ကာ ကျောင်းဆင်းချိန်အမှီ သွားစောင့်နေရာမှ ပုံပျက်ပန်းပျက်ဖြစ်နေသည့် သူ့ကလေးကြောင့် လိုက်သွားကြည့်မိတော့ အသက်ရှူပင် မှားခဲ့ရ၏။ သန့်စင်ခန်း တံခါးအနောက်ဘက်တွင် ချွေးစီးများ ထွက်နေကာ အသက်ကိုပင် မနည်းလုရှူနေရသည့် သူ့ကလေးငယ်။

Submissive 2.0 (completed)Where stories live. Discover now