Part 26

2.2K 161 8
                                    

(unicode)
သင်္ချာချိန်တွင် ထုံးစံအတိုင်း အိပ်ငိုက်နေသည့် ခမ်းသည် သူ့နားထဲသို့ မမျှော်လင့်ဘဲ တိုးဝင်ချလာသည့် စကားလုံးတို့ကြောင့် နွေနွေခေါင်ခေါင်ကြီး မိုးကြိုးအတောင့်လိုက်အပစ်ခံရသည့်နှယ်။

"မင်း အိမ်ကားက အကောင်းစားကြီးနော်"

အိပ်ချင်နေသည့် စိတ်များ ကြက်ပျောက်ငှက်ပျောက် ပျောက်ဆုံးသွားကာ ဆံပင်များပင် ထောင်မတ်လာသယောင်။

"မင်းပါပါး လိုက်ပို့တာလား"

သူဘေးတွင်ထိုင်ကာ ဘောပင်ကို လက်ဖြင့်လှည့်နေသည့် အတန်းဖော်သူငယ်ချင်းသည် သူ့ဆီမှ အဖြေမရမချင်း တစ်ဖက်သို့ လှည့်သွားမည့်ပုံမပေါ်။ ဘယ်လှည့်မလဲ။ သင်းက ကျောင်း၏နာမည်အကြီးဆုံး သတင်းထောက်ပင်။ ကလေးငယ်၏ ကားအကြောင်း တစ်လောကလုံးကို လော်စပီကာနှင့် ဖောက်သည်ချပြီးပြီထင်။ အကျိုးနည်း။

"မင်း ပါးပါးက ခပ်ငယ်ငယ်လေးလိုပဲ"

ကားမှန်သည် အနက်မဟုတ်လား။ သူ့ကိုကိုက အဲဒီလိုပြောခဲ့သည် မဟုတ်လား။

"မဟုတ် ဘူး"

ကလေးငယ်သည် အကြောက်ကန် ငြင်းချင်စောဖြင့် ပထမနှစ်လုံးကို အရှိန်တင်လိုက်ရာမှ သူ့ကိုယ်သူ စာသင်ခန်းထဲ ရောက်နေသည်ကို သတိရသွားသည့်ဟန်။ သို့သော် စိတ်လှုပ်ရှားနေသည့် ကလေးငယ်ခင်ဗျာ နောက်ဆုံးတစ်လုံးကို လေသံခပ်တိုးတိုးဖြင့် ပြောဖြစ်အောင် ပြောရှာသေးသည်။

"ဒါဆို ဘယ်သူလဲ"

"အင်း၊ ဟုတ်တယ်၊ မဟုတ်ဘူး၊ အင်း၊ ဒီ ဒီလိုပါပဲ"

သတင်းထောက်ကျောင်းသားလေး၏ မျက်စိထဲတွင်မူ ခမ်းသည် ခမ်းနှင့်မတူ။ လွယ်လွန်းသည့် စကားလေးကို အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေသည်လေ။ မျက်စိမျက်နှာသည်လည်း အပျက်ပျက် အယွင်းယွင်း။ မသိလျှင် သမီးရည်းစားကိစ္စကို ညှစ်မေးနေတာကျလို့။ ထိုသတင်းထောက်၏ မျက်မှောင်မှာ ကြုတ်သထက်ကြုတ်လာပြီး လက်ထဲတွင် ကျွမ်းကျင်စွာ လှည့်နေသည့် ဘောပင်ပြာမှာ တုန့်ခနဲ ရပ်တန့်လို့။ ဤကား အန္တရာယ်ရှိသည့် လက္ခဏာပင်။

Submissive 2.0 (completed)Where stories live. Discover now