Part-19

9.8K 670 48
                                    

မြစ်ရေပြင်ထက်ကနေ တိုက်ခတ်လာတဲ့ အေးမြတဲ့ လေညှင်းလေးတွေဟာ သင်္ဘောလက်ရန်းကို မှီကာ ရပ်နေတဲ့ နိုင်နိုင်းရဲ့ နှာဖျားထိပ်လေးတွေကို တိုးဝှေ့ကာ ကျီဆယ်နေကြလေသည်။ သီချင်းသံတွေ၊ လူသံတွေနှင့် ဆူညံနေတဲ့ ဒီလို ပွဲခင်းကြီးမှာ သူ့အတွက် နေရာမရှိသလိုပင် နိုင်နိုင်းခံစားနေရပေသည်။

ထိုနေရာမှာ ရပ်နေရင်းကပင် Daddy ရှိနေတဲ့ ဝိုင်းကို အကြည့်တို့ပို့ရင်း နိုင်နိုင်း အဝေးကနေပဲ Daddy ကို အတော်ကြာကြာ  ရပ်ကြည့်နေမိလေသည်။ Daddy ဟာ နောက်နှစ်များဆို ထိပ်စီးပြောင်းကာ အသက် ၄၀ တန်းထဲ ရောက်တော့မည် ဖြစ်ပေမယ့် အရွယ်ကောင်းတဲ့ ယောကျ်ားတစ်ယောက်ပမာ နုပျိုလက်ဆတ်နေပြီး၊ ကြည့်လိုက်တာနှင့်  အောင်မြင်မှုဟူသည့် ဂုဏ်ပုဒ်တစ်ခု ထင်ဟပ်နေတဲ့ အမျိုးသား တစ်ယောက်ပင် ဖြစ်သည်။

ဒါပေမယ့် သူကတော့ ခုမှ အသက် ၂၀ အရွယ် မရင့်ကျက်သေးတဲ့ ကောင်လေးတစ်ယောက်ပင် ဖြစ်သည်။ ပြောရရင်တော့ သူ့အစွမ်းအစတွေနဲ့သူ မတောက်ပနိုင်သေးပဲ ကိုကိုကြီးဆိုတဲ့ အရိပ်အာဝါသကြီး တစ်ခုလုံးကြောင့်သာ လူတောတိုးနေခြင်း ဖြစ်ပေသည်။

အဲ့သလောက်ကို သူနဲ့ Daddy ရဲ့ ကြားမှာ ကွာခြားလှပေသည်။ တကယ်ဆို Daddy လို လူရဲ့ ဘေးမှာ အတူရပ်ပြီး လူဘုံအလယ်မှာ ရှိနေရမဲ့သူက သူ့လိုကောင်လေး တစ်ယောက် ဖြစ်နိုင်ပါ့မလားဆိုတာ ဒီအခိုက်အတန့်မှာ နိုင်နိုင်း သူ့ကိုယ်သူ သံသယ ဝင်မိလိုက်သည်။

ထိုအချိန်မှာပင် အပြာရင့်ရောင် ကိုယ်ကျပ်ဂါဝန်ရှည်ကို ဝတ်ထားကာ တန်ဖိုးကြီး လက်ဝတ်ရတနာများကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်ဟာ Daddy တို့ရှိနေတဲ့ ဝိုင်းကို ရောက်လာတာကို နိုင်နိုင်း မြင်လိုက်ရသည်။ ထိုအမျိုးသမီးဟာ ခြေတစ်လှမ်းကြွလိုက်တာနှင့် လူအများရဲ့အာရုံကို ဆွဲဆောင်နိုင်သည့် အသွင်ရှိပေသည်။ ​ထို့အပြင် သူမရဲ့ အမှီအခိုကင်းမဲ့ခြင်းနဲ့ ထက်မြက်သည့် အသွင်တို့သာ သူမရဲ့ မျက်နှာမှာ ပေါ်လွင်နေပေသည်။

နိုင်နိုင်းတောင် ခေတ္တမျှ ထိုအမျိုးသမီးရဲ့ အလှမှာ မျောပါသွားတာမို့ အသိဝင်တဲ့အချိန်မှာ  Daddy ရှိရာသို့ ကြည့်လိုက်လေတော့ ထိုအမျိုးသမီးဟာ တောက်ပစွာ ပြုံးရင်း Daddy ကို လှမ်းဖက်လိုက်သည်ကို မြင်လိုက်ရလေသည်။ Daddy ကလဲ သူ့ရဲ့ ရင်ခွင်ကို ပိုပြီး ကျယ်နေအောင် ဖွင့်ဟပေးထားသလိုပင်။

Mr. SubmissiveWhere stories live. Discover now