Part 5 💘

36.2K 3.3K 231
                                    

Zawgyi...

ရောက်တာနဲ့ စေမိုရ် ကုတင်ပေါ်တက်ပြီး
အားရပါးရအိပ်လိုက်သည်။ မနက်ခင်းနိုးလာတော့
ရန်ကုန်နဲ့ မတူပဲ လတ်ဆတ်ပြီး အေးချမ်းတဲ့
အအေးဓာတ်လေးက ခြုံလွှမ်းနေသည်။

A နိုင်ငံလေဆိပ်မှာကတည်းက တီလေးဆီဖုန်းဆက်ပြီး
စေမိုရ့်အတွက် မိဘတွေချန်ထားပေးခဲ့တဲ့
အိမ်နဲ့ခြံလေးမှာ တပတ်လောက်သွားနေချင်တယ်လို့
ပြောပြီးခွင့်တိုင်ထားခဲ့တယ်။ ရှမ်းပြည်ဇာတိမို့ထင်ပါရဲ့ ရှမ်းပြည်ရောက်တော့ ကိုယ့်အိမ်ကိုယ့်ယာကို
ပြန်ရောက်သလိုမျိုးခံစားရသည်။ စိတ်ကနေရတာ
ပေါ့ပါးပြီး အေးချမ်းလှသည်။

အိမ်စောင့်ဦးလေးထားခဲ့တာမို့ စေမိုရ်ရောက်လာ
တော့အိမ်က သန့်ရှင်းနေဆဲပဲ။ မနက်စာအတွက်
ဦးလေးထူး ထားပေးခဲ့တဲ့ ကောက်ညှင်းပြန်ပေါင်းနဲ့ တို့ဖူးကြော် ကြွကြွရွရွလေးကို စားရင်း
နှပ်ကော်ဖီတစ်ခွက်ဖျော်လို့ ဇိမ်ခံနေမိသည်။
ဒီလို အေးဆေးမနေရတာ ကြာပြီမဟုတ်လား။

အေးဆေး အနားယူမှာမို့ အရေးကိစ္စရှိရင် တီလေးကို ဆက်လိုက်မယ်ပဲပြောထားသည်။ တီလေးလည်း
အရေးကြီးကိစ္စရှိရင် အိမ်ဖုန်းကိုပဲ ဆက်လို့ပြောပြီး စေမိုရ်ကတော့ ဖုန်းကို အသံပိတ်ကိုထားပြီး
ချောင်ထိုးထားလိုက်တယ်။

နံနက်စာစားပြီးတော့ ခြံထဲက ဒန်းကလေးမှာ
ထိုင်နေရင်း A နိုင်ငံက ဝယ်လာတဲ့ ဖက်ရှင်မဂ္ဂဇင်းတွေ
ထိုင်ဖတ်နေလိုက်တယ်။

ခဏကြာတော့ စေမိုရ့်ခြေထောက်နားမှာ
အထိအတွေ့လေးတခု ခံစားလိုက်ရတယ်။ ဖြူဖွေးနေတဲ့ ကြောင်လေးတစ်ကောင်က စေမိုရ့်ခြေထောက်ကို
ပွတ်သပ်လို့ အစာလာတောင်းနေတာပင်။ စေမိုရ်လည်း
အိမ်ထဲဝင်ပြီး ဘာများကျွေးစရာရှိမလဲ လှန်လှော်
ရှာလိုက်တော့ ကြောင်အိမ်ထဲထည့်ထားတဲ့
ကြက်ကြော်တွေကို သွားတွေ့သည်။
ဦးလေးထူးကြော်ထားတဲ့ ကြက်သားကြော်
တစ်တုံးကိုယူလို့ အိမ်ရှေ့ကဒန်းလေးဆီ
ပြန်လာခဲ့သည်။

ဒန်းလေးဆီရောက်တော့ ကြောင်ဖြူလေးက
ဒန်းပေါ်အညောင်းဆန့်ပြီး လှဲနေရင်း
စေမိရ့်ကို တချက်ကြည့်ပြီး ဟိုလှည့်ဒီလှည့်နဲ့
လုပ်နေတယ်။ စေမိုရ်လည်း သူ့နားမှာမကျွေးပဲ
စေမိုရ့်နားရောက်အောင်လို့ ကြက်သား
ဖတ်နဲ့မျှားခေါ်တာတောင် ရောက်မလာဘူး။

My Naughty Son's Daddy[Complete]Where stories live. Discover now