When You're Gone Chapter 3

1.2K 111 23
                                    

Unicode

When You're Gone Chapter 3

နောက်တစ်နေ့အတွက်ပူပင်သောကရယ်လို့မရှိဘဲ အိပ်စက်လိုက်ရတဲ့ ညမျိုးဟာဘယ်လောက်ကောင်းမွန်တယ်ဆိုတာ ခက်ဝေရဲ့ အရိပ်အောက်ကိုရောက်မှ ကျွန်တော်ခံစားမိလာတယ်။ အိပ်ရာကနိုးနိုးချင်း ကျွန်တော့်ခန္ဓာကိုယ်က နည်းနည်းပူကျစ်နေသလိုခံစားရပေမယ့် ကျွန်တော်မလှုပ်မိဘူး။ အလင်းရောင်ဖျော့ဖျော့ကြောင့် မနက်စောစောပဲရှိနေဦးမယ်ဆိုတာ အာရုံကအလိုလို သိနေတယ်။ တကယ်လို့အခုအချိန် ကျွန်တော် ထပြီးတစ်ခုခုလုပ်ဖို့ကြိုးစားရင် ခက်ဝေနိုးလာမှာ အသေအချာပဲ။

ဒါပေမဲ့ကျွန်တော်သူ့ကို အိပ်ရေးဝအောင် အိပ်စေချင်သေးတာမို့ ငြိမ်ငြိမ်လေးနေရင်း မိုးလင်းလာတာကိုပဲစောင့်နေမိတော့တယ်။ နောက်ဆိုရင်တော့ကျွန်တော့်အခန်းထဲ သောက်ဆေးလေးဘာလေးယူထားရမယ်လို့လည်းတွေးမိတယ်။

အဖြူရောင်မျက်နှာကျက်မှာ အလင်းဖျော့ဖျော့လေးတွေတွယ်ကပ်နေပေမယ့် မိုးကလည်းတဖွဲဖွဲရွာနေသေးတော့ အိမ်နံရံမှာကပ်ပေါက်နေတဲ့ သစ်ပင်ရိပ်တွေက မျက်နှာကျက်မှာအရိပ်တွေအဖြစ် ထွက်ပေါ်လာတယ်။ သစ်ပင်ရိပ်လေးတွေက မိုးကြောင့် ဖြည်းဖြည်းချင်းယိမ်းနွဲ့လှုပ်ခါနေတယ်။ ပန်းပွင့်တချို့ရောပဲ။ မိုးကတစ်ညလုံးသိပ်ကောင်းနေတာကြောင့် ပန်းပွင့်တွေတောင်ချမ်းလုပြီထင်ရဲ့။

ကျွန်တော်စောင်ထူထူကို ကိုယ်ပေါ်လွှမ်းထားမိရင်း ပြတင်းပေါက်နားချဥ်းကပ်လာမိတော့ မိုးသံကိုပိုပြီးကောင်းကောင်းကြားရသလို မိုးတွေဘယ်လောက်သည်းထန်အောင်ရွာနေသလဲဆိုတာကိုလဲ တွေ့နိုင်တယ်။ မိုးဆိုတာ သူ့ရာသီရောက်တိုင်းရွာနေတာဆိုပေမယ့် မြို့ပြမှာနေခဲ့တဲ့ကျွန်တော်ဟာ သိပ်ပြီး အလုပ်ရှုပ်လွန်းတာကြောင့် သဘာဝဆိုတာကိုခံစားဖို့တောင် မေ့လျော့သွားခဲ့တယ်။ မနက်အိပ်ရာနိုးတာနဲ့ ကိန်းဂဏန်းတွေအကြောင်း၊ စာရင်းဇယားတွေအကြောင်းနဲ့ တခြားတခြားသော ကိစ္စပေါင်းမြောက်များစွာကို အရင်တွေးခဲ့မိရင်း ဘယ်ကိုဦးတည်သွားချင်နေတာလဲဆိုတာကိုတောင်မေ့လျော့လာခဲ့တယ်။ မက်မောစရာကောင်းတဲ့ အောင်မြင်ကျော်ကြားမှုနဲ့ ငွေကြေးက ကျွန်တော့်ကိုယ်ကျင့်တရားကို ဖျက်ဆီးဖို့နေ့တိုင်းကြိုးစားနေတယ်။ ပြီးတော့ ရုံးကိုထွက်လာတာနဲ့ ကားသံတွေကိုကြားရတယ်။ နောက်ပြီး ကျွန်တော့်လိုပဲ အသက်ရှင်ဖို့အချိန်ကာလက တိုတောင်းနည်းပါးလွန်းတယ် ဆိုတာကိုတောင်မေ့ပြီး လိုချင်တာတွေနောက်လိုက်နေတဲ့ လူတွေအများကြီးကိုမြင်ရတယ်။ လူသံတွေ၊ ကားသံတွေ၊ သစ္စာကင်းမဲ့မှုတွေ၊ ကိုယ့်တစ်ဖို့တည်းအတွက်သာကြည့်တဲ့ လူတချို့ရဲ့ရက်စက်မှုတွေ စသဖြင့် ကျွ​န်တော်မြင်တွေ့ခဲ့ရတဲ့အရာမှန်သမျှက အကျည်းတန်စရာကောင်းလွန်းတယ်လို့ ခံစားရတယ်။

When You're Gone (BL OC)Where stories live. Discover now