When You're Gone Chapter 16

691 70 61
                                    

Unicode

When You're Gone Chapter 16

ခက်ဝေအနားမှာတစ်ညလုံးစောင့်ဆိုင်းနေခဲ့ရင်းမှ ကျွန်တော် အိပ်ပျော်သွားခဲ့တယ်။ ချစ်ရသူကိုနာကျင်မှာစိုးရိမ်တဲ့စိတ်နဲ့ အိပ်ရတဲ့အခါ အိပ်မက်တွေကအစမှောင်မိုက်နေတာပဲ။ ကျွန်တော်ပြန်နိုးလာတော့ မိုးတောင်အတော်လင်းနေပြီဖြစ်တယ်။ ခက်ဝေကိုကြည့်လိုက်တော့ သူကခုတင်ပေါ်မှာရှိမနေတော့ဘူး။ ကျွန်တော်ထိတ်ထိတ်ပျာပျာနဲ့ အခန်းပြင်ကိုပြေးထွက်သွားမိတော့မှ အပြင်မှာထိုင်နေတဲ့သူ့ကိုတွေ့လိုက်ရတယ်။ သူမရှိတော့မှာ ကြောက်တဲ့စိတ်ကြောင့် ကျွန်တော့်​နှလုံးသားက တလှပ်လှပ်တုန်ယင်နေတယ်။

သူ့အနားကိုလျှောက်သွားမိတော့ ပင်လယ်ဘက်ကလာတဲ့လေအေးအေးတွေကြားထိုင်နေတဲ့သူက ကျွန်တော့်ကိုလှည့်ကြည့်လာတယ်။

"ဆွေး နိုးလာပြီလား....."

ကျွန်တော် ခေါင်းငြိမ့်ပြီး သူ့အနားမှာဝင်ထိုင်လိုက်မိတယ်။ ကျွန်တော်တို့နှစ်ယောက်ကြား စကားသံမရှိဘဲတိတ်ဆိတ်နေရင်း ခက်ဝေက အဝေးကပင်လယ်ပြင်ကိုငေးကြည့်နေတယ်။ သူဘာတွေကိုများတွေးနေတာပါလဲ။ သူတွေးနေသမျှအရာရာက နာကျင်စရာတွေမပါဝင်ပါစေနဲ့လို့ပဲ ကျွန်တော် ဆုတောင်းနေမိတယ်။

နောက်တော့ သူက ကျွန်တော့်လက်ဖဝါးလေးကိုဖွဖွဆုပ်ကိုင်ထားတယ်။

"ကိုယ်ဆွေးကိုတောင်းပန်ပါတယ်....."

"ဘာအတွက်လဲ...."

"ကိုယ်ဖုံးကွယ်ထားမိတဲ့အရာတွေ အတွက်ပေါ့ ....။ ဆွေးကို ချစ်တယ်လို့ဆိုပြီးမှ အရာအားလုံးကိုမပြောပြခဲ့ဘဲ ကြောက်နေခဲ့တာလေ။ ရုပ်ဆိုးအကျည်းတန်တဲ့ ဒဏ်ရာဒဏ်ချက်တွေအပြည့်နဲ့ ကိုယ့်ဘဝကို ဆွေးကြောက်သွားမှာစိုးနေတာ။ ဆွေး မနှစ်သက်ဘဲကိုယ့်ကိုထားပစ်ခဲ့မှာကို ကိုယ်သိပ်ပြီးတော့...."

"ကျွန်တော်ကဘာလို့ ထားခဲ့ရမှာလဲ......"

ကျွန်တော် သူ့အနားကို တိုးကပ်သွားတော့ မျက်ရည်စတွေကျမလာအောင်ပုတ်ခတ်နေတဲ့ သူ့မျက်ဝန်းတွေကိုမြင်ရတယ်။ အဝေးကိုကြည့်နေတဲ့ နာကျင်မျက်ဝန်းတွေက ရီဆွေးပြီးပြိုကျတော့မယ့် သစ်ပင်အိုတစ်ပင်လို၊ အတောင်ပံတွေကျိုးကြေနေတဲ့လိပ်ပြာလေးတစ်ကောင်လို ဖျော့တော့နေတယ်။

When You're Gone (BL OC)Where stories live. Discover now