When You're Gone Chapter 18

640 63 24
                                    

Unicode

When You're Gone Chapter 18

ဒီနေ့က ခူးထားပြီးသား ပန်းတွေကိုသွားပို့ရမယ့်နေ့မို့ အတော်လေးအလုပ်ရှုပ်လိမ့်မယ်။ ကျွန်တော်ဟာ ခက်ဝေမနိုးခင် ကျွန်တော်တို့ရဲ့ပန်းခင်းတွေရှိရာဘက်ကိုထွက်လာခဲ့တယ်။ ပန်းဆိုင်မှာရောင်းရုံသာမက မြို့ကိုပါပို့တဲ့အလုပ်ကိုအတူတူလုပ်ချိန်ကစပြီး ကျွန်တော်တို့နှစ်ယောက် အရင်ကထက်အလုပ်ရှုပ်လာတယ်။ ခက်ဝေကတော့ ကျွန်တော်ပင်ပန်းမှာကိုစိုးတာမို့ ပန်းဆိုင်မှာသာနေစေတယ်။ ပန်းခင်းအတွက်ကိုတော့ သူဦးစီးပြီးလုပ်နေတဲ့အပြင် ရွာကအလုပ်သမားတချို့ငှားထားတယ်။ ဒီလိုပင်ပန်းမယ့်နေ့မျိုးတွေမှာဆို ကျွန်တော့်ကို ပန်းခင်းအနားတောင်မကပ်စေချင်ဘူး။ သူကလေ...။

ဒါပေမဲ့ သူတစ်ယောက်တည်းအလုပ်ရှုပ်နေတာကို မကြည့်နိုင်တဲ့ ကျွန်တော်က မနေနိုင်ဘဲအခုလိုမျိုးရောက်လာရတယ်။ နာရီကိုကြည့်လိုက်တော့ မနက်သုံးနာရီခွဲသာရှိသေးတာဖြစ်ပြီး ငါးနာရီလောက်ဆိုရင်တော့ ခက်ဝေနိုးလာလိမ့်မယ်။ သူမနိုးခင်တစ်နာရီခွဲလောက်အလိုမှာ သူလုပ်ရမယ့်အလုပ်တွေကူထားပေးလိုက်ရင် သူဟာ အဲဒီတစ်နာရီခွဲစာလောက်လုပ်ရသက်သာသွားမှာပဲ။

ပန်းခင်းထဲကိုရောက်တော့ ယာယီဆောက်ထားတဲ့ တဲလေးထဲဝင်သွားပြီး သူတို့မနေ့ကလုပ်ဖို့ကျန်တဲ့အလုပ်လက်ကျန်တွေကို ကျွန်တော်ဆက်လုပ်ပေးနေလိုက်တယ်။ နှီးကြိုးတွေဖြတ်တောက်တာက စ လို့ စိုထိုင်းနေတဲ့ ရွက်ကြွေတွေကောက်ပြီး လွှင့်ပစ်တာအဆုံး မျက်စိထဲမြင်မြင်သမျှ ကျွန်တော်လိုက်လုပ်နေပြီးတဲ့ နောက်မှာတော့ နေတောင် တဖြည်းဖြည်းပွင့်လာပြီဖြစ်တယ်။

သိပ်မကြာလိုက်ဘဲ အလုပ်သမားနှစ်ယောက်ရောက်လာတဲ့အချိန်မှာတော့ ကျွန်တော်ဟာ လက်ဆေးပြီးခဏထိုင်နေလိုက်မိတယ်။ နဖူးစပ်ကချွေးစလေးတွေသုတ်ပြီး နေထွက်လာတာကိုငေးကြည့်နေမိတယ်။ တဖြည်းဖြည်းချင်း နေ ရောင်ခြည်ဝါဝါနုနုလေးတွေဖုံးလွှမ်းသွားတဲ့ ဟောဒီကြယ်ပန်းခင်းကြီးကို ခက်ဝေ ကိုယ်တိုင်ပျိုးထောင်နေခဲ့တာတဲ့။ ကျွန်တော့်အတွက်တော့ ဒီပန်းခင်းကြီးကလည်းအဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးဖြစ်တယ်။

When You're Gone (BL OC)Where stories live. Discover now