When You're Gone Chapter 25

514 51 8
                                    

Unicode

When You're Gone Chapter 25

"ဒါကိုယူထား.....ဆရာကြီးကမင်းအတွက်ပေးခိုင်းလိုက်တာ......"

အိမ်တော်ထိန်းလက်ထဲမှာ ရှိနေတဲ့ ကားသော့လေးက အနက်ရောင်ဖိတ်ဖိတ်လက်နေတယ်။ ကျွန်တော်ဟာ အဲဒီသော့တွဲလေးကို ကြည့်နေရင်းမှ ခပ်လှမ်းလှမ်းမှာစာအုပ်ဖတ်နေတဲ့ ခက်ဝေကိုလှမ်းကြည့်လိုက်မိတယ်။

ဦးရန်ဝေနဲ့ သဘောတူထားခဲ့တဲ့ကိစ္စ သူ့ကိုပြောပြတုန်းက စိတ်ပူသွားခဲ့တဲ့သူ့ရဲ့မျက်နှာ။ ကျွန်တော့်ကို သူ့ဖခင်ဆီမှာ အလုပ်လုပ်ပေးဖို့စိတ်မချတဲ့ အဲဒီမျက်နှာလေးကို ကျွန်တော်ဖြင့် မေ့မရနိုင်ဘူး။

"တခြား ဘာပြောသေးလဲ....."

"ရုံးပိတ်ရက်ကလွဲရင် မနက်ကိုးနာရီတိုင်း ကုမ္ပဏီကိုအရောက်လာခဲ့ပါတဲ့....."

"အင်း.....သိပြီ......."

ဦးရန်ဝေရဲ့အမိန့်ကလွဲရင် သိပ်ပြီးထွေထွေထူးထူးမပြောတတ်တဲ့ အိမ်တော်ထိန်းက ကားသော့ပေးပြီး ပြန်ထွက်သွားတော့တယ်။ ကျွန်တော်ဟာ ခက်ဝေရှိနေရာကို ပြန်လာပြီး ကားသော့ကိုစားပွဲပေါ်ပစ်တင်လိုက်တယ်။ သူ့နံဘေးမှာ တိုးထိုင်လိုက်ပြီး သူ့လက်မောင်းကိုဖက်လို့ သူ့ပခုံးပေါ်ခေါင်းမှီထားလိုက်တယ်။ စိတ်ကိုအေးချမ်းစေတဲ့ သူ့ကိုယ်သင်းရနံံ့ရယ် ခပ်ဝါဝါစာရွက်သားလေးတွေက ထွက်လာတဲ့စာအုပ်ဟောင်းတစ်အုပ်ရဲ့ရနံံ့ရယ်ဟာ ညင်ညင်သာသာလေးရောယှက်နေတယ်။

"ဒီစာအုပ်ကြီးတာ တော်ရုံထူတာမဟုတ်ဘူးပဲ...."

ခက်ဝေက ပြုံးရုံပြုံးလိုက်ပြီး သူဖတ်နေတဲ့ အတ္ထုပတ္တိစာအုပ်ကြီးကို စာမှတ်ကတ်ညှပ်ပြီးအသာပိတ်လိုက်တယ်။ တိတိရိရိညှပ်ထားတဲ့ လက်သည်းလေးတွေရှိနေတဲ့ လက်ချောင်းလေး၊ သွေးကြောလေးတွေခပ်ရေးရေးမြင်ရတဲ့ ရှည်ရှည်မျောမျောလက်ချောင်းလေးတွေကို ကျွန်တော်အကြည့်မလွှဲနိုင်ဘူး။

"အင်း.....ဖတ်လို့လည်း သိပ်ကောင်းတယ်လေ....."

ခက်ဝေရဲ့လက်တစ်ဖက်က ကျွန်တော့်လက်ကိုအသာလေးအုပ်ကိုင်လာပြီး ခပ်ဖွဖွလေးဖျစ်ထားတယ်။ ကျွန်တော်ဖြင့် ရုတ်တရုက် ရင်ခုန်မိသွားတယ်။ မတော်တဆ ပြုံးလိုက်မိသလားပဲ။ ဒီလူကို သဘောကျရတဲ့စိတ်ဟာ ကျွန်တော့်ကိုတကယ်ပဲယောက်ယပ်ခပ်စေနိုင်တာပဲ။ တကယ်ကိုရူးသွပ်စရာကောင်းလွန်းတယ်။ ပြီးတော့ စကားမဆိုမိဘဲငြိမ်နေမိကြတယ်။ နှစ်ယောက်စလုံးတိတ်ဆိတ်ငြိမ်သက်နေတယ်ဆိုတာက ကိုယ်စီအတွေးတွေရွက်လွှင့်နေကြတယ် ဆိုတဲ့အဓိပ္ပါယ်ပါပဲ။ ကျွန်တော်ကတော့ သူ့ဖခင်ရဲ့လှည့်ကွက်တွေကို ဘယ်လိုရင်ဆိုင်ရင် သူနဲ့အချိန်အကြာကြီး ရှိခွင့်ရနိုင်မလဲဆိုတာတွေးနေတယ်။ သူကရော ဘာကိုများတွေးနေလိမ့်မလဲ။

When You're Gone (BL OC)Where stories live. Discover now