Unicode
When You're Gone Chapter 20
"ဒီဆေးပုလင်းတစ်လုံးကုန်ရင် ဆေးရုံဆင်းလို့ရပြီလို့ ဆရာဝန်ကြီးကပြောပါတယ်..."
နပ်စ်မလေးရဲ့ စကားသံကိုကြားလိုက်ရပြီးတဲ့နောက် ကျွန်တော်ဟာ ခြေကုန်လက်ပမ်းကျစွာမှိတ်ထားခဲ့တဲ့ မျက်လုံးတွေကိုဖွင့်လိုက်မိတယ်။ မျက်နှာကျက်မှာ နှေးနှေးကလေး လည်နေတဲ့ ပန်ကာရွက်တွေက ကျွန်တော့်အတွေးတွေကို ပိုပြီး လေးဖင့်နေစေသလိုပဲ။ ရေထဲကျသွားခဲ့တဲ့ ကျွန်တော်ဟာ အနီးဆုံးမှာရှိတဲ့ သောင်ခြေတစ်ခုစီ အစွမ်းကုန်ကူးခတ်ရင်း ငါးရက်လောက်ကြာအောင် လူသူမရှိတဲ့ အဲဲဒီနေရာမှာသောင်တင်နေခဲ့တာလေ။
သေခြင်းတရားဆီ ပြေးဝင်ခဲ့ဖူးတဲ့ ကျွန်တော်ဟာ အခုတော့ လူတစ်ယောက်ကို ချစ်မိသွားခဲ့တာနဲ့ပဲ သေခြင်းတရားဆီကနေ ပြန်ပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပြန်တယ်။ ကျွန်တော့်ရဲ့ ကံတရားကလည်း အရာတစ်ချို့ကိုဆက်ပြီး ကြိုးစားခွင့်ရှိနေသေးတယ်လို့ သတ်မှတ်ထားသလား မသိပါဘူး။ အစာမရှိ၊ ပင်လယ်ရေကလွဲရင် သောက်စရာရေမရှိတဲ့ ကျွန်းတစ်ကျွန်းမှာ ပိတ်မိနေရင်း ခြောက်ရက်မြောက်တဲ့နေ့မှာတော့ ကံကောင်းထောက်မစွာနဲ့ပဲ ဆရာကြီးနဲ့အတူ လှေသမားတစ်ယောက် ရောက်လာခဲ့တယ်။
ကျွန်တော်ရဲ့ ခန္ဓာကိုယ်ကအားအင်ချည့်နဲ့နေပေမယ့် ခက်ဝေ ကို သူတို့ခေါ်သွားကြပြီဆိုတဲ့ အသိကြောင့် ကျွန်တော့်နှလုံးသားက မာကျောနေခဲ့တယ်။ ဒါပေမဲ့ အဲဲဒီနေ့က ခက်ဝေ ကျွန်တော့်ကို လှည့်မကြည့်ခဲ့ဘူးဆိုတဲ့ အသိကတော့ ကျွန်တော့်နှလုံးသားရဲ့ အနက်ရှိုင်းဆုံး အစိတ်အပိုင်းကို တမြေ့မြေ့လောက်ကျွမ်းပြာကျစေပါတယ်။
တကယ်လို့များ ခက်ဝေ ကျွန်တော့်ကို စွန့်ပစ်သွားခဲ့မယ်ဆို ကျွန်တော်ရူးရလိမ့်မယ်။
ဆရာကြီးနဲ့အတူ နပ်စ်မလေး ထွက်သွားတော့ ကျွန်တော် ထလာပြီး ရေချိုးခန်းထဲဝင်သွားမိတယ်။ ဆေးရုံလူနာဝတ်စုံကိုဆွဲချွတ်လိုက်တော့ ညိုမဲနေတဲ့ ဒဏ်ရာတချို့ရှိနေသေးတာကို မြင်ရတယ်။ ဒါတွေက ကိစ္စမရှိပါဘူး။ ဘယ်လိုအခြေအနေမှာပဲ ဖြစ်နေဖြစ်နေ ကျွန်တော် ခက်ဝေနောက်ကိုလိုက်သွားရမယ်။ ကျွန်တော့်ရဲ့ ခက်ဝေကို ကျွန်တော် ပြန်ခေါ်လာရမယ်။ ဘယ်သူကမှ ထိခိုက်စေခြင်းမရှိအောင် ကာကွယ်တာမျိုးကိုလည်း ကျွန်တော့်ဘဝတစ်ခုလုံးနဲ့ ရင်းပြီးတော့ဖြစ်ဖြစ် လုပ်ပေးရမယ်။
YOU ARE READING
When You're Gone (BL OC)
Romance"ကျွန်တော်ဘယ်လိုလို့ ဒီရောက်နေတာလဲ...." "ကိုယ်ကမ်းခြေမှာ မနက်ခင်းလမ်းလျှောက်နေတုန်း...မင်းကိုတွေ့လိုက်ရတာလေ။ ရေတွေလဲစိုနေတာကွယ်။ အဲဒါနဲ့ ကိုယ်ဆရာဝန်ဆီခေါ်သွားသေးတယ်။ ဒီနေရာက ဆေးရုံလဲဝေးတော့မင်းအတွက် စိတ်ပူမိသေးတယ်။ ဒါပေမဲ့ မင်းကိုနည်းနည်းစောင့်ကြည့်...