အိမ်ပေါ်ကို တစ်စုံတစ်ယောက်တက်လာသည့် ခြေသံကြားသော်လည်း စွယ်တော် မျက်လုံးမဖွင့်နိုင်။မငယ်က စိတ်ပူပြီး ပြန်လာကြည့်သည်အထင်ဖြင့် စောင်ခြုံထားလျက်ပဲ မှေးနေလိုက်သည်။
ခဏအကြာ ကြားနေရတဲ့ခြေသံက သိပ်မူမမှန်ကြောင်း သတိထားမိလာသည်။လှေကားပေါ်ကနေ ဝရံတာကိုခြေချလိုက်ကတည်းက မငယ်လိုညင်ညင်သာသာမဟုတ်။ခြေထောက်တစ်ဖက်ကို အားပြုပြီးမှ နောက်တစ်ဖက်လှမ်းနေသလို ကြမ်းခင်းပေါ်မြည်နေသည်။စွယ်တော် မျက်လုံးဖွင့်ကြည့်ပေမယ့် ညနေကတည်းက အိပ်ပျော်သွားတာကြောင့် မီးမထွန်းမိသလို ဘာအလင်းရောင်မှမရှိဘဲ မှောင်မည်းနေသည်။ခြေသံက ဝရံတာမှ တစ်ဆင့် ဘုရားခန်းဘက်ရောက်သွားပြီး ရပ်သွားလိုက် ဆက်လျှောက်လိုက်ဖြင့် တစ်ခုခုကိုရှာနေဟန်။စွယ်တော်စိတ်ထဲ ပို၍မတင်မကျဖြစ်လာသည်။
ရပ်ကွက်ထဲ လူမရှိဘူးအထင်ဖြင့် သူခိုးဝင်တာများလား။သို့သော် သူခိုးဆိုလည်း ခြေသံကဒီလောက်မကျယ်ဘဲ အသံလုံနေလိမ့်မည်။နောက်ထပ်ဖြစ်နိုင်တာတစ်ခုက သရဲခြောက်လားလို့ တွေးမိပြီး ထိတ်လန့်သွားသော်လည်း ငယ်စဉ်ကတည်းက နေလာတဲ့အိမ်မှာ တစ်ခါမှ ဒီလိုမဖြစ်ဘူး။ဒါကြောင့် ခြင်ထောင် ထဲကနေ ခေါင်းကို အသာလေးထောင်လိုက်ရင်း
" မငယ်လား "
စွယ်တော့်အသံကြားတော့ တစ်ဖက်က ခြေသံတိတ်သွားသည်။
"ဘ..ဘယ်သူလဲ "
နောက်တစ်ကြိမ်ထပ်မေးလိုက်တော့ အခန်းရှေ့က ထရံတံခါးမှာ ကွယ်ရပ်လိုက်တဲ့ အရိပ်ကိုတွေ့လိုက်ရသည်။အပြင်ဘက်ထက် အခန်းထဲက ပိုမှောင်နေသောကြောင့် အခန်းရှေ့မှာ တစ်စုံတစ်ယောက်ရပ်နေတာကို သိနိုင်သည်။ စွယ်တော် ခြင်ထောင်ထဲက ထွက်လိုက်ပြီး ကျောက်ပြင်ရှိမယ့်နေရာကို လက်နဲ့စမ်းကာ တိုးသွားလိုက်သည်။
သူခိုးဖြစ်နေပါက ပစ္စည်းယူလို့မရရင် လူကို တစ်ခုခု အန္တာရယ်ပြုနိုင်သလို ထွက်ပြေးရင်လည်း အနည်းဆုံး သနပ်ခါးတုံးစာတော့ ကျွေးလိုက်ရမည်။တံခါးဝကို ကြည့်နေရင်းပဲ ဖြည်းဖြည်းချင်းပွင့်လာပြီး ရှည်လျားတဲ့ အရိပ်တစ်ခုက တံခါးအလယ်မှာ ရပ်နေသည်။
လက်ထဲက သနပ်ခါးတုံးကို ဆုပ်ကိုင်ရင်း ရင်ဘတ်ထဲမှာလည်း ထိတ်လန့်လျက် နှလုံးခုန်သံဟာအပြင်ကနေတောင်ကြားရတဲ့အထိကျယ်လောင်လာသည်။
YOU ARE READING
မေတ္တာဝေရာ စွယ်တော်ရိပ်မှာ
Romance"မြို့သစ်လမ်းမတစ်နေရာ စွယ်တော်ပင်ရိပ်အောက်က အကြင်နာ သက်ဆိုင်သူအတွက်ရည်ညွှန်းကာ ချစ်ခွန်းသီတဲ့ မောင့်မေတ္တာ" "မြို့သစ်လမ်းမတစ်နေရာ စွယ်တော်ပင်ရိပ်အောက်က အကြင်နာ သက်ဆိုင်သူအတွက်ရည်ညွှန်းကာ ချစ်ခွန်းသီတဲ့ မောင့်မေတ္တာ" CV by B Ka Lay