စွယ်တော့်ရဲ့ လက်ကောက်ဝတ်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားပေမယ့် အတင်းညစ်နေတာမျိုးမဟုတ်သောကြောင့် မနာဘဲ ပူနေရုံသာ။ အစ်ကိုက အိမ်ရောက်တဲ့အထိ ဘာစကားတစ်ခွန်းမှ မပြောဘဲ ရှိတာကြောင့် စွယ်တော် စိုးရိမ်လာသည်။ မငယ်ရဲ့ ကိုယ်ဝန်က အစ်ကိုနဲ့မဆိုင်ဘူးဆိုတော့ ရင်အေးရပေမယ့် သူ့ကိုမယုံကြည်ဘူးဆိုပြီး အစ်ကိုကစိတ်ထင့်သွားနိုင်သည်။ထို့ကြောင့် နောက်တစ်ပူဆင့်ကာ ဘယ်လို စကားစရမလဲ အသဲအသန်စဉ်းစားနေမိ၏။
အိမ်ထဲ ရောက်တော့ စွယ်တော့လက်ကို လွတ်ပေးလိုက်တာကြောင့် အစ်ကို့ အင်္ကျီစကိုပြန်ဆွဲလိုက်ပြီး
"စွယ်တော် တောင်းပန်ပါတယ်"
ဝေဖြိုး လှည့်ကြည့်ပေမယ့် ဘာမှမပြော။စွယ်တော့်ကိုသာ စောစောကလောက် မခက်ထန်တော့သော အကြည့်ဖြင့် စိုက်ကြည့်နေသည်။
"အစ်ကို့ကို မယုံသလိုဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်နော် စွယ်တော်လည်း တစ်ဖက်လူက မငယ်ဖြစ်နေတော့ အရမ်းကိုပူထူပြီး ကမ္ဘာပျက်နေတာ အဲ့ဒါကြောင့် ငိုပဲ ငိုနေမိတယ် ... စွယ်တော့်ကိုစိတ်မဆိုးပါနဲ့နော် စကားပြန်ပြောပါအုံး အစ်ကိုလို့ ဟင် "
ဝေဖြိုးရဲ့ ပကတိပြန်ငြိမ်သွားသော မျက်နှာကို စွယ်တော်က မျက်လုံးအဝိုင်းသားလေးနဲ့ပြန်မော့ကြည့်ကာပြောသည်။
ဒီလောက် ချစ်စရာကောင်းတဲ့ အမူအယာလေးကို လျစ်လျူရှုနိုင်ဖို့အထိ ဝေဖြိုး မစွမ်းသာ။
ထို့ကြောင့် အင်္ကျီစကို ကိုင်ထားသော လက်လေးတွေအား ပြန်ဆုပ်ကိုင်လိုက်ပြီး"မောင် ဗိုက်ဆာနေပြီစွယ်တော် "
"ဟာ ... ဟုတ်သားပဲ ခဏလေးနော် စွယ်တော် ခူးပေးမယ် "
"အင်း "
ဝေဖြိုးစကားလွှဲလိုက်ပေမယ့် စွယ်တော် မျက်နှာလေး ပြန်ကြည်လာပြီး အစ်ကို သူ့ကို စိတ်မဆိုးဘူးဆိုတာ သိရလို့ သက်ပြင်းခိုးချရသည်။ထမင်းခူးခပ်ပေးကာ စွယ်တော်ဘေးနားကနေ ယပ်တောင် ထိုင်ခပ်ပေးချိန် ဖယောင်းတိုင်မီးရောင်အောက်က မျက်ဝန်းတွေဟာ စွယ်တော်ထံ လှမ်းကြည့်လာပြီး
YOU ARE READING
မေတ္တာဝေရာ စွယ်တော်ရိပ်မှာ
Romance"မြို့သစ်လမ်းမတစ်နေရာ စွယ်တော်ပင်ရိပ်အောက်က အကြင်နာ သက်ဆိုင်သူအတွက်ရည်ညွှန်းကာ ချစ်ခွန်းသီတဲ့ မောင့်မေတ္တာ" "မြို့သစ်လမ်းမတစ်နေရာ စွယ်တော်ပင်ရိပ်အောက်က အကြင်နာ သက်ဆိုင်သူအတွက်ရည်ညွှန်းကာ ချစ်ခွန်းသီတဲ့ မောင့်မေတ္တာ" CV by B Ka Lay