Ep-11(Zawgyi)

10.4K 403 2
                                    




သီတင်းကျွတ်လဆန်း (၁၃)ရက်နေ့။ကျောက်တော်ကြီးပွဲကျင်းပသည့်ရက်ထဲမှ ပထမဆုံး ပွဲတော်ရက်ဖြစ်သည်။

မတ္တရာမြို့ရှိ စကျင်တောင်မှတစ်လုံးတည်း၊တစ်တောင်တည်းသော စကျင်ကျောက်ကိုထွင်းထုထားသည့် ရုပ်ပွားတော်ကြီးဖြစ်သောကြောင့် ကျောက်တော်ကြီးဟု အစွဲပြုခေါ်ဆိုခြင်းဖြစ်ပေသည်။ မင်းတုန်းမင်းတရားကြီး တည်ထားကိုးကွယ်ခဲ့သည့် ရုပ်ပွားတော်ကြီးဖြစ်ပြီး မန်းလေးတောင်ခြေအနီးတွင် တည်ရှိသည်။
သီတင်းကျွတ် လဆန်း(၁၃)ရက်ကနေ လပြည့်ကျော် (၇)ရက်အထိ ဇာတ်သဘင်ပေါင်းများစွာ ရုံသွင်းကပြဖျော်ဖြေကြသည့် ကျောက်တော်ကြီးဘုရားပွဲကို မန္တလေးမြို့ရှိ အနယ်နယ်အရပ်ရပ်မှ လှည်းယာဉ်များဖြင့် လာရောက်ဆင်နွှဲကြသလို မြို့ခံများကတော့ စက်ဘီးကိုယ်စီဖြင့် တစ်စီတစ်တန်းကြီး ပျော်ပျော်ပါးပါး မန်းလေးတောင်ခြေထိ နင်းကြသည်။

မြို့သစ်ရက်ကွက်ထဲကနေ 62 လမ်းမကြီးပေါ်၊ထိုမှတစ်ဆင့် မြို့ရိုးကျုံးကြီးရဲ့အစွန်းတစ်ဖက်ကနေ မန်းလေးတောင်ခြေအထိ တစ်စီတစ်တန်းကြီးနင်းနေသော စက်ဘီးတွေထဲမှာ ဝေဖြိုးတို့သူငယ်ချင်းအဖွဲ့လည်းပါသည်။ထုံးစံအတိုင်း ထက်အောင်ရဲ့ မမှီတစ်မှီနင်းတဲ့အနောက်မှာ မျိုးဇော်လိုက်ပြီး ဝေဖြိုးနောက်တွင် သူကိုယ်တိုင်ဝယ်ပေးထားသော  အဝတ်အစားအသစ်လေးနဲ့ စွယ်တော် ရှိသည်။

ညနေစောင်းကနေ မှောင်ရီပျိုးသည်အထိ နင်းရသော်လည်း  မန္တလေးသူ၊ မန္တလေးသားများဖြစ်သည့်အလျှောက် မလျော့သော အရှိန်ဖြင့် ပျော်ပျော်ပါးပါး သက်သောင့်သက်သာစွာ။
နာမည်ကြီး ဇာတ်သဘင်အဖွဲ့ မျိုးစုံလာမည်ဖြစ်၍ ပုံမှန်တွေ့နေကျ ရပ်ကွက်ဘုရားပွဲထက်ပိုပြီး ၁၂ပွဲဈေးသည်များ မျက်စိတစ်ဆုံးရှိလေသည်။သူတို့အဖွဲ့ စက်ဘီးတန်းမှာ အပ်ထားပြီးတော့ ဝင်သွားလိုက်တာနဲ့ လူခွဲခြားနိုင်မည်မဟုတ်သော လူအုပ်ကြီးထဲ တိုးဝင်ဖို့ ပြင်ကြသည်။

ထိုအချိန် အရှေ့မှ သွားနေသော မျိုးဇော်နဲ့ ထက်အောင်က တုန့်ခနဲရပ်လိုက်တာကြောင့်  စွယ်တော် လှမ်းကြည့်လိုက်တော့ သူတို့နဲ့ မျက်နှာချင်းဆိုင်လာနေသော အဖွဲ့တစ်ဖွဲ့က ကာရပ်လိုက်ခြင်းဖြစ်သည်။အဖွဲ့ခေါင်းဆောင်ဟု  ထင်ရသော လူက ဝေဖြိုးအရပ်နည်းပါးရှိပြီး ခန္ဓာကိုယ်က ပိုထွားကာ မျက်နှာကခက်ထန်နေသည်။စွယ်တော် ဝေဖြိုးနားကို မသိမသာ ကပ်လိုက်တော့ ဝေဖြိုးက လက်ကို ဆွဲထားပြီး သူ့နောက်ကျောဘက် လုံးဝ ကွယ်သွားအောင် ကာရပ်လိုက်သည်။ဒီလိုပွဲတွေမှာ ရန်ဖြစ်ကြတာ မဆန်းပေမယ့် စွယ်တော့်မှာ အမတွေလို ဇ မပြင်း ။ ရန်ပွဲဖြစ်ခဲ့ပါက လူပိတာနဲ့ကို ကျိုးကန်းမည့်ကိန်းရှိသည်။

မေတ္တာဝေရာ စွယ်တော်ရိပ်မှာ Where stories live. Discover now