Ep-18(Unicode)

30.8K 3.1K 175
                                    



ပွဲရုံဆင်းချိန် ညနေ(၆) နာရီခန့်မှာ မျိုးဇော်နဲ့ ထက်အောင် မြို့သစ်ထဲပြန်လာသည်။ဝေဖြိုးမပါဘဲ သူတို့နှစ်ယောက်တည်းသာ။အိမ်ကိုတန်းမပြန်သေးဘဲ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ အရင်ဝင်လိုက်ပြီး ထက်အောင်က ကြံရည်ဝယ်သောက်သည်။

ပေါ်တုန်းသောက်ရတာဟုဆိုကာ ထမင်းစားခါနီး ရင်ခံမယ်လည်းပြောလို့မရတဲ့အပြင် ကိုယ်တိုင်တောင် ကြံရည်စက်ဝင်ကြိတ်နေလေသည်။လက်ဖက်ရည်ဆိုင်နဲ့တွဲထားတဲ့အတွက် ကြံရည်ဖျော်တာကို သီးသန့်လုပ်ပေးမယ့်လူမရှိ ။ ဒီလိုပဲ မြို့သစ်ထဲကလာဝယ်ရင် အားတဲ့သူ ဝင်ဖျော်သွားကြမြဲ။

ထက်အောင် စက်ဘီးနောက်က လိုက်လာတာဆိုတော့ မျိုးဇော်လည်း  အိမ်အရင်မပြန်သေးဘဲ ခုံမှာထိုင်စောင့်နေချိန် ချာတိတ်တစ်ယောက်ဘေးနားရောက်လာသည်။ထို့နောက် သူ့လက်ထဲမှာပါလာသော စာရွက်အခေါက်အား မျိုးဇော်ထံ  ထိုးပေးတာကြောင့်

"ဘာလဲ"

မျက်မှောင်ကုတ်ကာ  အော်လိုက်သော မျိုးဇော်အသံကြောင့် ချာတိတ်လန့်သွားသည်။ဒါက သူ့ပုံမှန်အသံဆိုပေမယ့် လူမိုက်စာရင်းဝင်နေတဲ့ သူဆိုတော့ နေရင်းထိုင်ရင်းကို ရှိန်နေတာ။

"ဟို ... မုန့်ဟင်းခါးဆိုင်က မလတ်က ပေးခိုင်းလိုက်တာပါ "

"ဘာ!!!"

မရေတွက်နိုင်သော အစောင်အရေအများကြီးထဲမှ  မလတ်ပြန်ပေးတဲ့ ပထမဆုံးပြန်စာရခြင်းဖြစ်သည်။မျိုးဇော် လက်ထဲက အဖန်ရေခွက်ကို  စားပွဲပေါ် ပစ်ချရင်း စာကို အလျှင်အမြန်ယူလိုက်သည်။ထို့နောက် ရင်တထိတ်ထိတ်ဖြင့် ဖွင့်ဖတ်ကြည့်လိုက်တော့  ခက်ထန်နေမြဲမျက်နှာက ကလေးတစ်ယောက်စားချင်တဲ့မုန့်ရသွားသလို ချက်ချင်း ပြုံးဖြီးသွားသည်။

ထက်အောင် ကြံရည်ကြိတ်နေရင်း စာရွက်ကြီးကိုင်ပြီး အူမြူးနေတဲ့ မျိုးဇော်မျက်နှာကို လှမ်းကြည့်နေသည်။မျိုးဇော်ကလည်း  ထက်အောင်ကို ပြန်ကြည့်ကာ အနားရောက်လာပြီး

"ဟိတ်ကောင် မလတ်က ငါ့စာပြန်တယ်"

"အေး ဘာတဲ့လဲ"

မေတ္တာဝေရာ စွယ်တော်ရိပ်မှာ Where stories live. Discover now