Ep-12(Zawgyi)

9.8K 423 5
                                    



မနက်(၅) နာရီခွဲခန့်အချိန်လောက်မှ သူတို့နှစ်ဦး ကျောက်တော်ကြီးပွဲကနေ မြို့သစ်ဆီပြန်လာကြသည်။ကိုမျိုးဇော်တို့အဖွဲ့ကတော့ ဘယ်ရောက်နေခဲ့မှန်းမသိ။ စွယ်တော်နဲ့အစ်ကိုက အမေ့ကို ကြည့်ရအုံးမှာမို့ မနက်လင်းတဲ့အထိ နေလို့မရပေ။

စက်ဘီးနင်းနေတဲ့ အစ်ကိုခါးကို ဖက်ထားရင်း စွယ်တော် အိပ်ငိုက်လျက် ပါလာသည်။မြို့သစ်လမ်းမပေါ် စကွေ့လိုက်တော့မှ ကျောပြင်ပေါ်မှီထားတာ​ကနေ ထလိုက်ပြီး မျက်လုံးကို လက်နဲ့ပွတ်လိုက်သည်။

"စွယ်တော် အိပ်ချင်နေပြီလား"

စက်ဘီးကို ပိုအရှိန်တင်နင်းရင်း မေးတော့ သွားချင်ခဲ့တာ ကိုယ်တိုင်မို့ စွယ်တော် ဟီးလို့သာ ရယ်ပြနိုင်သည်။
မြို့သစ်ထဲ ဝင်ခါစ ရပ်ကွက်တွေကို ဖြတ်ကျော်ပြီး တဖြည်းဖြည်း သူတို့ လမ်းနားရောက်ခါနီး လူတွေဆူညံသံကိုကြားလိုက်ရသည်။ ခပ်လှမ်းလှမ်းက လူအုပ်ကြီးက ရပ်ကွက်ကို ကျောခိုင်းကာ အပြေးတစ်ပိုင်းသွားနေကြတာကြောင့် သူတို့နှစ်ယောက်လည်း ဘာဖြစ်သလဲ လှမ်းကြည့်ပေမယ့် မနက်ခင်းဝေလီဝေလင်းအချိန်က သဲကွဲအောင်မမြင်ရ။

ထိုအချိန် ဆိုင်ခန်းထဲကနေ အပြေးတစ်ပိုင်းထွက်လာသော မသောင်းကလည်း ထမီပြင်ဝတ်ရင်း ခေါင်းစုတ်ဖွားဖြင့် သူနှစ်ယောက်ဘေးနားကနေ ပြေးရန်ပြင်နေသည်။

"မသောင်း ... ဘာဖြစ်တာလဲ"

"ဟိုမှာလေ သံလမ်း"

အသံကြားတော့ မသောင်းက ထိတ်ထိတ်ပြာပြာဖြင့် လှည့်ကာ ပြောနေရင်း သူတို့နှစ်ယောက်ကို သေချာမြင်သွားတော့မှ

"ဟယ်တော် ... ဝေဖြိုးရေ နင့်အမေလေ .. နင့်အမေ ရထားကြိတ်ခံရလို့တဲ့ ပဲပြုတ်သည်က မြင်ပြီး တစ်ရပ်ကွက်လုံးကို လိုက်အော်သွားတာ အမလေး ဘုရား ဘုရား ..."

မသောင်းရဲ့ အော်ပြောသံတွေဟာ နားထဲမှာ ကြားတစ်ချက် မကြားတစ်ချက်။ကိုင်ထားတဲ့လက်တွေတုန်ရီကာ စက်ဘီးကို ဒုန်းစိုင်းနင်းနေသော အစ်ကို့ ကျောပြင်ကို မော့ကြည့်ရင်း စွယ်တော် မျက်ရည်တွေကျလာသည်။ကျေးဇူးပြုပြီး အမေ မဟုတ်ပါစေနဲ့။

မေတ္တာဝေရာ စွယ်တော်ရိပ်မှာ Where stories live. Discover now