ƤAƦƬ ㉙

4.8K 306 58
                                    

༒︎ 𝗨𝗻𝗶𝗰𝗼𝗱𝗲 ༒︎

မင်းသွင်အပေါ် သစ္စာဖောက်ပြီးနောက် ပြင်ဦးလွင်တွင်ဆက်ပြီးနေထိုင်ဖို့ရာ လုံးဝမဖြစ်နိူင်တော့ချေ။ ထို့ကြောင့် ​ကိုအောင်ဆွေကိုသတ်ပေးရန်အတွက် ကိုမိုးခမ်းက သူ့ကိုပေးထားသောပိုက်ဆံတွေကို ခရီးဆောင်အိတ်ထဲသေချာထည့်ပြီး ညတွင်းချင်းပင် ဖြူရှိတဲ့စစ်ကိုင်းဘက်သို့ ဆင်းလာခဲ့သည်။ ကိုထွန်းသစ်စဆီမှာ တင်နေတဲ့အကြွေးတွေဆပ်ပြီးသည့်တိုင်အောင် ကျန်တဲ့ငွေတွေက လုပ်ငန်းတစ်ခုကိုအစပြုရန် လုံလောက်လေသည်။

စစ်ကိုင်းမြို့ဝင်ရောက်တော့ မနက်ငါးနာရီသာသာပဲ ရှိသေးတာကြောင့် လမ်းမှာတွေ့သည့်လက်ဘက်ရည်ဆိုင်တွင် ခဏဝင်ထိုင်ကာ အချိန်ဖြုန်းရင်း မနက်စာစားလိုက်ရသည်။ ပိုက်ဆံတွေကအရမ်းများလှတာကြောင့် အိတ်ကို ကိုယ်နဲ့မကွာဆောင်ထားရင်း ဘေးနားမှာရှိသည့် လူရိပ်လူ​ခြေကိုလည်းတစ်ချက်အကဲခတ်ရသေးသည်။ ဒီပိုက်ဆံတွေနဲ့ဆိုလျှင် သူနဲ့ဖြူရဲ့ဘဝကို အသစ်ပြန်စလို့ ရချေပြီ။

ဖြူ့ကိုတွေ့ပြီး အကျိုးအကြောင်းပြောပြကာ နှစ်ယောက်သား လုပ်ငန်းတစ်ခုထူထောင်လို့ရမည့်နေရာတွင် အ​ခြေချနေထိုင်မည်။ သာယာသောအိမ်ထောင်လေးထူထောင်ပြီး ဖြူ့ကိုလည်း လူတန်းစေ့ထားနိူင်အောင် သူအလုပ်ကြိုးစားမည်။

လက်ဘက်ရည်ဆိုင်တွင် နှစ်နာရီကျော်လောက် အချိန်ဖြုန်းပြီးနောက် ဖြူ့ကိုဖုန်းဆက်ကာ အိမ်ပြင်မှာထွက်စောင့်နေရန်ပြောလိုက်သည်။ ဆိုင်ကယ်ကိုနာရီဝက်လောက်ထပ်စီးပြီးနောက် သူငယ်ချင်းဖြစ်သူ၏ အိမ်ရှေ့ကကုက္ကိုပင်အောက်တွင်စောင့်နေသော ဖြူကိုတွေ့မှ ဆိုင်ကယ်လီဘာကိုအရှိန်လျော့ကာ ဘရိတ်ဆွဲလိုက်ရသည်။

"ဘာများဖြစ်လို့လဲ မောင်ရယ်... အဘိုးနေမကောင်းနေတာဆိုတော့ ကြာဦးမယ်ထင်နေတာ... ဖြူတောင် သူဇာနဲ့ အတူတူ စျေးလိုက်သွားမလို့လုပ်နေသေးတယ်... မောင်ဖုန်းဆက်တာ စောသွားလို့..."

ဖြူက အခုမှ အိပ်ရာကထသည့်ပုံစံ။ အသားအရေလေးက နေရောင်ဆမ်းသောပန်းလေးလို နူးညံ့ပျော့ပျောင်းကာ ဖွေးအိနေသည်။ ဆံနွယ်လေးတွေကို အဖျားလေးတွင်သာ စုကာထုံးထားပြီး ဆင်စွယ်ရောင်လည်ပင်းလေးကို ဖြတ်ကျော်ကာ ရင်ဘတ်ရှေ့သို့ ကပိုကရိုချထားလေသည်။

မျက်နှာများတဲ့ လိပ်ပြာ (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now