Step 0.2

658 141 71
                                    

Step 0.2 : 16th floor

"ညီလေး ခဏစောင့်နော် အစ်ကို အခုချက်ချင်း ဆင်းလာခဲ့မယ် .... ၃မိနစ်ပဲ"

သီခသည် ဖုန်းထဲမှ စကားသံ ရပ်သွားသည်နဲ့ တပြိုင်နက် ဖုန်းကိုအိတ်ကပ်ထဲသိမ်းကာ နီးရာ သစ်ပင်ကိုမှီရင်း ရပ်နေလိုက်၏။

စင်စစ်တော့ သီခမှာ ၃-၄ရက်ခန့်ကြာအောင် စဉ်းစားပြီးနောက်တွင်မှ K Limited ထံ လာရန်ဆုံးဖြတ်ဖြစ်ခဲ့တာဖြစ်သည်။ အစီအစဉ်တော့ အတိအကျမရှိသေး။ ဘယ်သူ့ကိုမှလည်း အသိမပေးပဲ သူ့ဘာသာ အခြေအနေကို အရင်စနည်းနာဖို့သာ ရောက်လာခဲ့တာဖြစ်၏။

သို့သော်ငြား အနေအထားက ထင်တာထက် သားနားနေတာတော့ အံ့ဩစရာဖြစ်သည်။ သူ့ရှေ့တွင် အထပ်အတော်မြင့်မြင့်အဆောက်အဦးတစ်ခုရှိနေသည်။ တိုက်အပေါ်ဆုံးထပ်တွင်တော့ K Limited ဆိုသည်ကို စာလုံးကြီးဖြင့် ရေးထိုးထားသော ဆိုင်းဘုတ်တစ်ခုရှိ၏။

တစ်တိုက်လုံးကို သူတို့ပိုင်သည်လော ထိပ်ဆုံးတစ်ထပ်သာလောဆိုသည်ကတော့ မသိနိုင်သောအရာဖြစ်သည်။

မကြာမီမှာပင် ဂျင်မီဆိုသူက ကပျာကယာ ပြေးဆင်းလာသည်ကို တွေ့ရ၏။ သူ့ကိုကြည့်လိုက်တိုင်း ဘာကြောင့် အမြဲ ရေးကြီးသုတ်ပြာပုံစံ ဖြစ်နေသလဲတော့ သီခမပြောတတ်ပါပေ။

"ဆောရီး ... စောင့်ရတာ ကြာသွားလား လာ လာ"

သူက သီခကို ဓာတ်လှေကားဆီ ခေါ်ဆောင်သွားရင်း ၁၆ခလုတ်ကို နှိပ်လိုက်သည်။

"အခုက အရင်ဆုံး ဒါရိုက်တာတွေနဲ့ တွေ့ရမှာပေါ့နော်။ အစ်ကိုကတော့ အကြမ်းဖျင်း စစ်ရုံလောက်ပဲမို့ တကယ့် auditionကိုတော့ သူတို့စစ်ပါလိမ့်မယ်။ မေးစရာရှိတာ၊ လိုအပ်တာ ဘာညာလဲ အကုန်ပြောပြလို့ရတယ်ဗျ။ အဆင်ပြေရင်တော့ စာချုပ်ချုပ်ကြရမယ်ပေါ့နော်"

ဂျင်မီကတော့ ထုံးစံအတိုင်း စကားကို မရပ်တမ်းပြောနေပြန်သည်။ သီခကလည်း မကောင်းတတ်သည်မို့ ပြုံးပြရင်းနှင့်သာ နားထဲဝင်တစ်ချက် မဝင်တစ်ချက် နားထောင်နေရ၏။ ၁၆ထပ်သို့ ရောက်သည့်အခါတွင်တော့ အတော့်ကို ကျယ်ဝန်းသော နေရာတစ်ခုက ဆီးကြိုနေသည်။ လူတွေက ဟိုသွားဒီသွားနှင့် ပျားပန်းခတ်နေကြသည်။

VNITY : The First StepWhere stories live. Discover now