Step 1.4

305 56 12
                                    

Step 1.4
Egg and make up

"အိပ်နေတာလား ..."

လင်းအခန်းထဲ ဝင်သွားချိန်တွင် နံရံဖက်ကို မျက်နှာမူကာ ခုတင်ပေါ် လှဲနေသော အာရွန့်ကိုတွေ့ရသည်။ လင်းက မေးလိုက်သော်လည်း အဖြေကမရှိ။ သို့သော်ငြား အာရွန်သည် ဤအချိန် ပုံမှန်အိပ်ပျော်လေ့မရှိသည်က တစ်ကြောင်း၊ သည်လို ပုံမှန်အနေအထားနှင့် အိပ်လေ့မရှိသည်က တစ်ကြောင်းဖြစ်သည်ကို သိနေတာကြောင့် လင်းလည်း အနားကပ်ထိုင်ကာ လည်ပင်းကို အသာဆွဲလိုက်လေသည်။

"ဟ! အာ .... ကိုလင်းကလဲ ....."

လည်ပင်းထိလျင် ယားတတ်သော အာရွန်က ချက်ချင်းဆတ်ကနဲ ထထိုင်ကာ နှုတ်ခမ်းစူလျက် သူ့ကိုကြည့်လေသည်။

"မေးနေတာကို ဘာလို့မဖြေလဲ"

"ကိုလင်း ဘာပြောမယ် သိနေတာကြီးကို"

"ဟင် ဘာပြောမယ်ထင်တာလဲ"

"ခမ်းဝေနဲ့ ပြန်ခေါ်ဖို့"

ထိုအခါ လင်းက တစ်ချက်ရယ်ရင်း မေးလိုက်၏။

"အဲ့တော့ ခေါ်မှာလား"

"နိုး"

အာရွန့်ပုံစံက ညီအစ်ကိုချင်း ရန်ဖြစ်ပြီး ပြန်မခေါ်ချင်သဖြင့် ဂျစ်တိုက်နေသော သူငယ်တန်းကလေးနှင့်တူနေသည်။ လင်းက သက်ပြင်းအသာချကာ အာရွန်၏ ရွှေဝါရောင် ဆံပင်ပွပွများကို ထိုးဖွလိုက်ရင်း ဟန်လုပ်ကာ ငေါက်လိုက်သည်။

"ဟင် တော်တော်မာတဲ့ခေါင်း .... ဘာနဲ့လုပ်ထားလို့လဲ ပြစမ်းပါဦး"

"စိန်နဲ့ စိန်နဲ့"

အာရွန်က အကျင့်အတိုင်း ခေါင်းကို လင်းမျက်နှာဆီ အတင်းတိုးကာ ဆော့သည်။ နှစ်ယောက်သား တအောင့်ကြာအောင် နပန်းလုံးရင်း ရယ်မောပြီးသည့်အခါမှ အာရွန်က ဆိုလာ၏။

"မဟုတ်ဘူး ကိုလင်းရာ ... မခေါ်ဘူးဆိုတာက ကျွန်တော့်အမှားမဟုတ်ဘူးလေဗျာ သိလား။ ကျွန်တော့်စကားထဲ ဘာအမှားမှပါတာလဲမဟုတ်ပဲ အဲ့တာကို အထအနကောက်နေတော့ ဘယ်လိုလုပ်မလဲ... ပြီးရင် သူကပဲ ကျွန်တော့်ကို စကားမပြောတာလေ "

ခမ်း‌ဝေနှင့် အာရွန်တို့ ကတောက်ကဆဖြစ်ထားကြသည်မှာ ယခုဆိုလျင် ၂-၃ရက်ခန့်ရှိပြီဖြစ်၏။ သီခကိုလည်း ချက်ချင်းတောင်းပန်ကာ အခြားအဖွဲ့ဝင်များအားလုံးနှင့်လည်း ပုံမှန်စကားပြောနေသော ခမ်းဝေသည် အာရွန်ကိုတော့ ရှောင်ဖယ်နေခဲ့သလို အာရွန်ကလည်း ဟိုယောင်သည်ယောင်လုပ်နေသည်မို့ နှစ်ယောက်သားမှာ ဤအချိန်အထိ သည်လိုပင်ဖြစ်နေကြတာဖြစ်လေသည်။

VNITY : The First StepWhere stories live. Discover now