Step 0.8

427 97 37
                                    

(Unicode)

Step 0.8
One long day

နောင်တဟူသည် နောင်မှရတတ်သောအရာဖြစ်တာကြောင့် နောင်တဟု ခေါ်ရခြင်းဖြစ်၏။ အာရွန်မှာ ထိုစကားကို မကြာခဏ ကြားဖူးနေကျဖြစ်သော်လည်း နဖူးတွေ့ဒူးတွေ့ကြုံရသည်မှာကား ယနေ့မှဖြစ်၏။

"အဲ့တာကြောင့် ကျွန်တော်ပြောတာပေါ့ဗျာ"

"အင်းပါ ဆောတီး ဆောတီး"

အာရွန်သည် ကိုလာဘူးကလေးကို ရှေ့တိုးပေးလိုက်ရင်း သီခ‌ကျောကို အသာပွတ်ပေးလိုက်၏။ စင်စစ် သီခတင်မက သူကိုယ်တိုင်ပါ ခေါင်းထဲ မူးသလိုဝေသလို ရင်တုန်သလိုလိုခံစားနေရတာဖြစ်၏။ ကိုလင်း၏ ကားမောင်းခြင်းစွမ်းရည်မှာ တကယ်ကို တစ်ခုခုတော့ တစ်ခုခုပင်ဖြစ်သည်။ ကားမောင်းကို ပုံမှန်ကားနှင့်မသင်ပဲ ကစားကွင်းက တိုက်ကားနှင့် သင်ခဲ့လေသလား မပြောတတ်။ သူပင် တစ်လမ်းလုံး အသက်အောင့်ကာ စီးလာရမှတော့ သီခလို ကားမူးတတ်သောကလေး ကြယ်တွေလတွေမြင်သွားသည်မှာတော့ တကယ်ကို မဆန်းတော့ပါပေ။ ထို့ကြောင့် ယခုတော့ shopping mall အောက်ထပ်က စားသောက်ဆိုင်တစ်ဆိုင်တွင်ထိုင်ကာ အားမွေးနေရစဉ်ဖြစ်၏။

"သီခ အဆင်ပြေရဲ့လား? ဆောရီးပါကွာ ... နောက်ဆို အစ်ကိုသတိထားပါ့မယ်"

လင်းမှာ အားနာနေဟန်ရှိ၏။

"Mistရော ဘယ်လိုမှမနေဘူးလား? အဆင်ပြေတယ်လား?"

အာရွန်က မေးသည့်အခါ Mist က ခဏစဉ်းစားပြီးမှ လေးနက်စွာဖြေ၏။

"ဗိုက်တော့နည်းနည်းဆာတယ်"

အာရွန်မှာ ရယ်မိရတော့၏။ အရေးထဲ ရယ်နေသည့်သူ့ကို "ဘာရယ်တာလဲ"ဆိုသည့် မျက်နှာဖြင့် ကြည့်နေသေးတာမို့ အာရွန်မှာ ပို၍ပင်ရယ်ချင်ပက်ကျိဖြစ်ရ‌လေသည်။

Shopping mallထဲ ရောက်သည့်အခါတွင်တော့ အဆောင်တွင်လိုအပ်သည်များကို ဝယ်ကြခြမ်းကြဖို့ကိစ္စသို့ ရောက်လာရတော့သည်။ စင်စစ် အာရွန်အတွက်က အများစုကို အိမ်ပြန်ကာ သယ်လာလိုက်လျင်ရသည်မို့ ယာယီသုံးရန် ပစ္စည်းအချို့နှင့် အစားအသောက်မှအပ များများစားစားတော့မလိုပါပေ။ ဈေးဝယ်ထွက်သည်ဆိုသည်မှာလည်း အပြင်သွားချင်ရုံနှင့် အဖွဲ့သားများနှင့် ရင်းနှီးချင်သော ရည်ရွယ်ချက်ကြောင့်သာဖြစ်၏။

VNITY : The First StepWhere stories live. Discover now