Step 1.2

338 62 13
                                    

Step 1.2
Leader

"လုပ်ရမှဖြစ်မှာလား"

ခမ်းဝေအဝေးပြေးကားပေါ်တက်ရန် ပြင်နေစဉ် အဘိုးက နောက်တစ်ကြိမ်ထပ်၍ မေးလာခဲ့သည်။  အခေါက်ပေါင်းများစွာ ဖြေခဲ့ပြီးသည့် မေးခွန်းဖြစ်သည့်တိုင်အောင် ထပ်၍မေးလာပြန်သည့်အခါ သူကလည်း ဖြေမြဲတိုင်းပင် ထပ်၍ဖြေရပြန်ပါ၏။

"ဟုတ်။ လုပ်ရမှ ဖြစ်မှာပါ"

ပြောပြောဆိုဆိုနှင့် ကားပေါ်တက်ကာ နေရာယူလိုက်ပြီးသည့်သကာလ အဝေးပြေးကားသည် ရန်ကုန်မြို့ဆီသို့ ဦးတည်ကာ ထွက်ခွာလာခဲ့တော့၏။ ကားဘီးလှိမ့်သည်နှင့်အမျှ မွေးရပ်မြေဖြစ်သည့် ချမ်းအေးသော တောင်ပေါ်မြို့ငယ်က မိသားစုနှင့်အတူ မြူခိုးများကြား ဝေဝါးစွာ ကျန်ရစ်ခဲ့သည်။ ခမ်းဝေကတော့ စိတ်ကိုဆုံးဖြတ်ပြီးပြီမို့ မတွေဝေရအောင်၊ ဝမ်းမနည်းရလေအောင် ပြန်လှည့်မကြည့်ဖို့ ဆုံးဖြတ်ရင်း ရှေ့ကိုသာ ရှု၍နေခဲ့၏။

ခမ်းဝေသည် ဂီတကို ချစ်၏။ သီချင်းဆိုရုံမက အက၊ အတီးအမှုတ်၊ ဂီတနှင့်ပတ်သတ်သမျှ အရာအားလုံးကို ချစ်တာပင်ဖြစ်သည်။ ထို့ကြောင့် ဂီတကိုသာ ဇောက်ချလုပ်ရန် ဆုံးဖြတ်ကာ ရန်ကုန်သို့ ရောက်လာဖြစ်ခဲ့တာဖြစ်သည်။ ထို့နောက် အသိအစ်ကိုတစ်ယောက်၏ မိတ်ဆက်ပေးမှုကြောင့်ပင် K Entertainmentသို့ ရောက်လာခဲ့တာဖြစ်လေ၏။ ရောက်စမှသည် Auditionစစ်သည်အထိ အရာအာလုံးက အဆင်ပြေချောမွေ့နေခဲ့ကာ ယုံကြည်ချက်များ ပြည့်ဝနေခဲ့သော်လည်း အဆိုသင်ခန်းစာ ပထမရက်မှာပင် ယုံကြည်မှုများက စုံးစုံးမြုပ်လို့ပင် သွားခဲ့လေတော့သည်။

အဖွဲ့သားအားလုံးက အဆမတန် တော်လွန်းနေခဲ့၏။

သူ အအံ့ဩရဆုံးကတော့ Mist ၏ အသံပင်ဖြစ်သည်။ အသံကိုတော့ အနည်းငယ်ကြားဖူး‌နေခဲ့သော်ငြား သည်လိုအသံမျိုးဖြစ်နေလိမ့်မည်ဟုတော့ သူတကယ်ကို မမျှော်လင့်မိ‌ခဲ့ပေ။ တကယ်ကိုပင် လှပလွန်းသော အသံဖြစ်လေ၏။

အာရွန်ဦး။ ဤတစ်ယောက်နှင့် ပတ်သတ်၍ကတော့ ခမ်းဝေတွင် ရှုပ်ထွေးသော ခံစားချက်အချို့ရှိနေသည်။

မည်သို့ပင် လက်မခံချင်သော်ငြား၊ မည်သို့ပင် မပြောချင်သော်ငြား လက်သင့်ခံရမည့် အမှန်တရားကတော့ အာရွန်သည် ပေါ့ပျက်ပျက်ပုံပန်းသဏ္ဍာန်နှင့် ဆန့်ကျင်စွာပင် မဆိုးလှသော အသံရှိနေသည်ဆိုတာကိုပင်ဖြစ်၏။ သူ၏ စိတ်ရှုပ်စရာကောင်းလှသော ပြီတီတီမျက်နှာပေးကပင် သီချင်းဆိုနေချိန်တွင်တော့ အကြည့်မလွှဲချင်စရာ ကောင်းနေခဲ့တာဖြစ်၏။

VNITY : The First StepWhere stories live. Discover now