1

5.6K 126 2
                                    

Unicode

“မိုင်လေး သမီးရေ အိပ်ရာထတော့လေ…”

“ဟဲ့.. ငါနှိုးနေတာ ကြားလား..?”

“အမေကလည်း ငါးမိနစ်ပဲလို့.. ငါးမိနစ်ပဲလေနော်..”

အိပ်ချင်မူးတူးလေသံဖြင့် ဗလုံးဗထွေးပြောရင်း ဖက်ခေါင်းအုံးကို ဆွဲဖက်ကာ ပြန်အိပ်လိုက်သည့်မိုင်လေး။ သို့သော်လည်း တခနအတွင်း မျက်လုံးပြန်ဖွင့်လာခဲ့သည်။ သူမရဲ့အမေက ထပ်မအော်တော့ပါလား..? ထူးဆန်းလိုက်တာ..!

ထိုအံ့ဩမှုက တစ်မိနစ်ပင် မခံလိုက်ပါချေ။ မျက်လုံးများက တဖြည်းဖြည်းမှိတ်ကျကာ ပြန်လည်အိပ်ပျော်သွားတော့သည်။ မိုင်လေးမှာ ဤမျှအထိ အအိပ်မက်သည့် မိန်းကလေးပင်။

တခနကြာပြီးနောက် ကော့ညွှတ်နေသည့် မျက်တောင်လေးများက အနည်းငယ် လှုပ်ခါသွားခဲ့သည်။ သူမ၏ခြေဖဝါးအောက်မှ ယားယံမှုကြောင့် မျက်ခုံးတန်းများက တွန့်ချိုးသွားခဲ့ပြီး တရားခံဖြစ်သူကို မသိစိတ်အရ ကန်ထုတ်ပစ်လိုက်၏။

“အဟက်.. အဆိုးလေး..”

“အင့်.. လွှတ်လို့..”

အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေသည့် မိုင်လေးခမျာ သူမရဲ့ခန္ဓာကိုယ်ပေါ်သို့ သားရဲတစ်ကောင် တွားသွားတက်လာသလို ခံစားလိုက်ရသည်။ ဗလုံးဗထွေး ရေရွတ်ရင်း ထိုအရာကို တွန်းဖယ်နိုင်ရန် ကြိုးစားနေခဲ့သည်။ မျက်ဝန်းများကား မှိတ်ထားဆဲ။

ရုတ်တရက် သူမ၏ပါးပြင်ပေါ်သို့ နွေးထွေးသည့် အထိအတွေ့တစ်ခု ကျရောက်လာခဲ့လေ၏။ သူမ၏နဖူးထက်မှ ပြန့်ကျဲနေသည့် ဆံစလေးများကို တစ်စုံတစ်ယောက်က ညင်သာစွာ သပ်တင်ပေးရင်း..

“Mine.. ထတော့လေကွာ.. မထမချင်း အာဘွားပေးရမလား..? ပြော..!”

စကားဆုံးသည်နှင့် သူမ၏မျက်နှာပေါ်သို့ အနမ်းမိုးများ ရွာချလာခဲ့သည်။ ကြည်နူးလှိုက်ဖိုနေသည့် ခံစားချက်နှင့်အတူ မိုင်လေးသည်လည်း ပြည့်ပြည့်ဝဝ နိုးထသွားတော့သည်။

သူမ၏မျက်ဝန်းများကို အသာဖွင့်ကြည့်လိုက်၏။ နွေဦးရာသီ၏ မနက်ခင်းကား သဘာဝကျစွာပင် နွေးထွေးသည့် အငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။ ပို၍နွေးထွေးသည်မှာ သူမရဲ့ခန္ဓာကိုယ်ပေါ်မှ အမျိုးသား၏ အသက်ရှူငွေ့နွေးနွေးပင်။ သူမ၏နှုတ်ခမ်းပါးလေးများကို ကလူးကျီစယ်နေတော့သည်။

Forever More (Extra)Where stories live. Discover now