11

844 107 5
                                    

Unicode

ဝူမြို့တော်သည် အလွန်ပင် ကြီးကျယ်ခမ်းနားပြီး စည်ကားလွန်းလှ၏။ မိုးသောက်ချိန်မှစ မိုးချုပ်နေဝင်သည်အထိ လမ်းအသွယ်သွယ်ပေါ်တွင် လှုပ်ရှားသွားလာသူများဖြင့် အသက်ဝင်နေတတ်သည်။ ရာဇဝတ်မှုများ ကင်းရှင်းသလို လူအများကလည်း စိတ်လက်ပေါ့ပါးစွာ နေထိုင်ကြရသည်။ အေးချမ်းသာယာ၍ အပူအပင်မရှိ၊ ကျော်ကြားသော မြို့ကြီးတစ်မြို့၏ အင်္ဂါရပ်များဖြင့် ကိုက်ညီလှပေသည်။

သို့သော် ယနေ့တွင်မူ ဝူမြို့၏လမ်းမကြီးမှာ ထူးထူးခြားခြား ခြောက်ကပ်လျက်။ ဥတုလေးလီ အပြိုင်အဆိုင် ဖွင့်လှစ်တတ်ကြသော ဈေးဆိုင်များပင်လျှင် တော်တော်များများ ပိတ်ထားကြသည်။ ဆယ်ဂဏန်းမျှရှိသော အိမ်ရှင်မတချို့သာ မိသားစုအတွက် ဈေးဝယ်ထွက်ကြသည်။

ဒါဆို ကျန်တဲ့လူတွေ ဘယ်ရောက်နေပါသလဲ..?

ဝူမြို့၏အပြင်ဘက်၊ နီစွေးသော စိန်ပန်းပင်များဖြင့် ပြည့်နှက်နေသော ပတ္တမြားရောင်နီတောင်ခြေတွင် လူအများ စုရုံးနေကြသည်။ ယနေ့သည် လူအများစောင့်မျှော်ခဲ့ရသော သားရဲသခင်ပြိုင်ပွဲကြီးကျင်းပရာ အချိန်အခါသမယဖြစ်ချေ၏။ များပြားလှသော ပွဲကြည့်ပရိသတ်များနှင့်အတူ ယှဉ်ပြိုင်သူတချို့သည်လည်း အကြီးအကဲများ နားခိုရာ စင်မြင့်တစ်နေရာသို့ ငေးမောကြည့်ရင်း ပြင်ဆင်နေကြသည်။

အလွန်ကြီးမားလှသော ယှဉ်ပြိုင်ကွင်းကြီး၏ ပတ်ပတ်လည်တွင် ပွဲကြည့်စင်ကြီးများဖြင့် ဝန်းရံထားသည်။ အရှေ့ဘက်တွင် အကြီးအကဲများနှင့် တောင်သခင်များအတွက် သီးသန့်နားနေဆောင်များ၊ စင်မြင့်များ တည်ဆောက်ထားသည်။ တောင်ဘက်တွင်ကား ပြိုင်ပွဲဝင်များနှင့် ကျင့်ကြံသူများအတွက် ပွဲကြည့်စင်တစ်ခုရှိ၏။ အနောက်ဘက်နှင့် မြောက်ဘက် ပွဲကြည့်စင်များမှာ လူသာမာန်ပရိသတ်များအတွက်ပင်။

လူသားများ၏စရိုက်မှာ အမှန်ပင် ထူးဆန်းလှသည်။ သာမာန်လူများသည် ကိုယ်တိုင်မကျင့်ကြံနိုင်ပါသော်လည်း ကျင့်ကြံသူများ၏ ယှဉ်ပြိုင်ပွဲကို ကြိုက်နှစ်သက်ကြ၏။ ငွေကြေးအကုန်ခံ၍ တကူးတကပင် သွားရောက်အားပေးတတ်ကြသည်။ ထိုငွေများမှာ ကျင့်ကြံသူများအတွက် အဓိကထောက်တိုင် ဖြစ်လာခဲ့သည်။

Forever More (Extra)Where stories live. Discover now