3

922 69 0
                                    

Unicode

မိန်းမငယ်လေးနှင့် အဝါရောင်ကြက်ပေါက်လေးတို့ အကြည့်ချင်းစုံနေကြသည်။

မိုင်လေး၏ မျက်ဝန်းများက စိတ်ရှုပ်ထွေးနေသလို ခုန်ဆွခုန်ဆွ လုပ်နေသည့် ကြက်ပေါက်လေးကိုကြည့်ရင်း မသိမသာ မျက်မှောင်ကြုတ်လိုက်၏။ ရှေ့တိုးလာသည့် အကောင်ပေါက်လေးကြောင့် မိုင်လေးက အနောက်သို့ ခုန်ဆုတ်လိုက်ကာ သတိအနေအထားဖြင့် အကဲခတ်နေခဲ့သည်။

မနက်ခင်းနေရောင်ခြည်အောက် ထိုအဝါလုံးလေးမှာ တခြားဦးတည်ရာမရှိသလို မိုင်လေးအနားကိုသာ တိုးကပ်သွားခဲ့သည်။ သို့သော်လည်း ခြေတံသေးသေးလေးများက သူ့ရဲ့အလိုကို မလိုက်နိုင်ခဲ့ပေ။ တစ်ခုတည်းသော ဦးတည်ရာလေးက ရုတ်တရက် အလှမ်းဝေးသွားတာကြောင့် ခေါင်းမော့ကာ မကျေမနပ် အော်လိုက်၏။

ပိကျိ.. ပိကျိ

သူ့ရဲ့မျက်ဝန်းများက အရည်လဲ့နေပြီး တိုးရှရှအသံလေးက ဝမ်းနည်းနေသည့်နှယ်။

ထိုအကောင်ပေါက်လေး၏ အမူအယာကိုကြည့်ရင်း ဘာကြောင့်ရယ်မသိ မိုင်လေးလည်း စိတ်မသက်မသာ ခံစားလိုက်ရသည်။ ထို့ကြောင့် ဖြူဆူးတောင်ကို ပြန်သိမ်းလိုက်ကာ ထိုနေရာမှ ထွက်ခွာသွားရန် ပြင်လိုက်သည်။

ပိကျိ.. ပိကျိ

မိုင်လေးလှည့်သွားတာ မြင်လိုက်သည်နှင့် အဝါလုံးလေးက အသံကုန် အော်ဟစ်လာခဲ့သည်။ သေးငယ်သည့် ခြေထောက်လေးများကို အားပြုရင်း ဦးတည်ရာလေးနောက်သို့ အမြန်ပြေးလိုက်တော့၏။ သို့သော်လည်း လူသားတစ်ဦး၏ခြေလှမ်းနှင့် ကြက်ပေါက်လေးတစ်ကောင်၏ခြေလှမ်းမှာ နှိုင်းယှဉ်စရာမလိုအောင်ပင် ကွာခြားလွန်းလှသည်။

အဝါလုံးလေးမှာ အဆုံးထိတိုင် လက်မလျော့ခဲ့ပေ။

ဦးတည်ရာလေး၏ နောက်ကျောပြင်ကို မမှိတ်မသုန် ငေးစိုက်ကြည့်ရင်း အပြေးလိုက်နေခဲ့သည်။ ပျောက်ကွယ်သွားမှာကို စိုးရိမ်နေသကဲ့သို့ တစ်စက္ကန့်မျှပင် အကြည့်မလွှဲခဲ့ချေ။

ရုတ်တရက် ခဲလုံးသေးသေးလေးက အဝါလုံးလေးကို လဲကျသွားစေခဲ့သည်။ သူ့အတွက် အလွန်ကြီးမားလှသည့် ကမ္ဘာလောကကြီးဟာ တစ်ပတ်ခန့် ချာချာလည်သွားရသလို မြင်ကွင်းမှာ ပြောင်းလဲခဲ့သည်။ နာကျင်မှုကို ဂရုမစိုက်နိုင်ခဲ့ပေ။ ကမန်းကတန်း မော့ကြည့်လိုက်သည့်အချိန် ဦးတည်ရာလေးမှာ အရပ်ပင်မကျန်အောင် ပျောက်ကွယ်သွားခဲ့ချေပြီ။

Forever More (Extra)Where stories live. Discover now