20

770 82 3
                                    

Unicode

“မိုင်လေးပြောပုံအရဆို ဇာတ်ကြောင်းက လုံးဝတခြားစီပဲလေ.. ဘာတွေဖြစ်ကုန်တာလဲ..?” Benjamin က သွမ့်ချင်းနန်ကို တစ်ချက်လှည့်ကြည့်၍.. “ဇာတ်လိုက်ပြောင်းသွားတာ ပုံမှန်ထက် ထူးခြားသွားပြီ.. ပြီးတော့ မူလဇာတ်လိုက်က မသေမချင်း ပြန်မွေးဖွားနေတယ်တဲ့.. ကျွန်တော့်စိတ်ထင်……..”

Benjamin က တစ်စုံတစ်ရာကို တွေးဆနေဟန်ဖြင့် မိုင်လေးကို လှည့်ကြည့်လာသည်။

မိုင်လေးလည်း Benjamin ၏သဘောကို နားလည်လိုက်သည်။

System ၏ထိန်းချုပ်မှုအောက်မှာ ရှိနေသော ကမ္ဘာတစ်ခုက ဇာတ်ကြောင်း ပြောင်းလဲသွားသည်။ ထို့အပြင် အဓိကဇာတ်လိုက် ပြောင်းလဲသွားသည့်တိုင် ဌာနချုပ်က သတင်းမရခဲ့သလို သိပင်မသိခဲ့ချေ။ မိုင်လေးကိုယ်တိုင်လည်း ဤကမ္ဘာရောက်လာသည့်တိုင် နည်းနည်းပင် မရိပ်မိခဲ့။ ၎င်းက ဤကမ္ဘာတစ်ခုလုံး တစ်စုံတစ်ယောက်ရဲ့ ထိန်းချုပ်မှုအောက်ထဲ လုံးလုံးလျားလျား ကျရောက်သွားသည်ကို ညွှန်ပြနေ၏။

ကမ္ဘာလောကတစ်ခုကို အုပ်စိုးချင်တာလား..?

သို့သော် ကမ္ဘာတစ်ခုကို အုပ်စိုးရန်ကြံစည်နေသော လူတစ်ယောက်က မူလဇာတ်လိုက်ကို ပြန်မွေးဖွားခွင့်ပြုမည်မဟုတ်ပေ။ မရိပ်မိတာလည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် အဖြစ်နိုင်ဆုံး ထင်မြင်ချက်တစ်ခုသာ ကျန်ရှိနေသည်။

ထို့ကြောင့် မိုင်လေးက အတည်ပြုရန် ကြိုးစားလိုက်သည်။

ရုတ်တရက် လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ကာ မန္တန်ရွတ်ဆိုလိုက်သည်။ သူမ၏လက်ချောင်းသွယ်သွယ်များမှ ခရမ်းရောင်အလင်းလုံးတစ်ချို့ ပေါ်ထွက်လာကာ Benjamin နှင့် Nolan ထံ ပြေးဝင်သွားလေ၏။ ထိုအလင်းတန်းများက သူတို့၏ဦးခေါင်းထက်တွင် အတော်ကြာ ရစ်ဝဲနေခဲ့ပြီးမှ ဖြည်းဖြည်းချင်း စိမ့်ဝင်သွားခဲ့သည်။

Benjamin နှင့် Nolan တို့က မိုင်လေးထံမှ အလင်းလုံးများကို ငြင်းဆန်မှုမရှိ။ တည်ငြိမ်စွာဖြင့်ပင် ပူးပေါင်းပါဝင်ပေး၏။

ဖုန်းစစ်ယွင်လည်း တစ်ခုခုတွေးမိသွားသလို အသံတိတ်နေခဲ့သည်။

Forever More (Extra)Where stories live. Discover now