+++++++++Unicode++++++++
"ဘယ်လို ဘယ်လို? ဟုတ်လို့လားဒေါက်တာရယ် ဆေးစစ်ချက်မှားတာလား သေချာစစ်ကြည့်ကြပါအုံး"
ဆရာ၀န်ရှေ့မှာသွေးပျက်စွာဖြင့် ဂျုံဆောင်းမယုံကြည်ဖွယ်စကားတို့ကို တစ်ကြိမ်တစ်ခါထပ်မက ဆိုမိသည်။
"လူနာက သွေးကင်ဆာ အဆင့်နှစ်ဖြစ်နေတာ ခင်များတို့အနေနဲ့ဒီရောဂါကို မစောင့်ကြည့်မိခဲ့ကြဘူးဆိုတာ အံ့အားသင့်စရာပဲ"
"ကျွန်တော်ဘာမှမသိခဲ့ဘူး"
တိုးတိမ်လှသော အသံဟာ တဖက်ဆရာ၀န်တောင်ကြားနိုင်မည်မထင်။ဂျုံဆောင်းဘေးတွင် အဖေဟာတချိန်လုံး ဆိတ်ဆိတ်နေခဲ့သည်။ဂျုံဆောင်းကိုယ်တိုင်လည်း စိတ်အစဉ်ဟာ ယောက်ယက်ခတ်စွာ အားစေးမိသကဲ့သို့မည်သည့်စကားမျှထပ်မံထွက်ပေါ်မလာတော့။ပေါ်င်ပေါ်မှာတင်ထားသော လျော့ရဲရဲ အဖေ့လက်ကိုခပ်တင်းတင်းဆုပ်ကိုင်မိလိုက်သည်။အဖေက ဂျုံဆောင်းလက်ပေါ်သို့ကျန်တဖက်ဖြင့်အုပ်မိုးကာ 'သူအဆင်ပြေပါတယ်'ဆိုသောစကားကို ထပ်ခါထပ်ခါပြောရှာသည်။အပြုံးနွမ်းနွမ်းအဖေ့မျက်နှာက ထွက်ပေါက်မဲ့ခံစားချက်တို့ကိုထွေးပွေ့လိုက်ရသလို မွန်းကျပ်ရ၏။
အဆင်ပြေတယ်တဲ့လား။
သေခြင်းတရားကို အကြောက်တရားမရှိသူဟာ ဤကမ္ဘာပေါ်မှမည်သူကရှိပါမည်နည်း။အနည်းနှင့်အများတော့ တွေ ဝေထိပ်လန့်ကြရမည်။
"ဂျေး ဒီအကြောင်းကို ဟွန်းလေးကိုမပြောဖို့ ကတိပေးနိုင်မလား?
ငါတို့ဟွန်းလေးသိရင် စိတ်ထိခိုက်သွားလိမ့်မယ်"
သက်မတစ်ခုကိုပင့်ချရင်း မွန်းကျပ်ကျပ်ခံစားချက်ကြီးကို ထိုပင့်သက်နှင့်အတူမျောပါသွားစေချင်သည်။
အငှားကားတစ်စီးဖြင့် ဂေဟာသို့အပြန်လမ်းမှာ အဖေက တရိပ်ရိပ်ကျန်ရစ်နေခဲ့ကြတဲ့လမ်းဘေးပတ်၀န်းကျင်ကို ငေးမောရင်း စကားဆိုလာသည်။
"ဟွန်းလေးငယ်ငယ်တုန်းက ဆောင်းရာသီဆို ဒီလိုလမ်းတွေကို အဖေနဲ့အတူတူလျှောက်ရတာအရမ်းသဘောကျတယ်တဲ့။ယော်အင်းအစိုးရကျောင်းမှာကျောင်းတက်တော့ အထက်တန်းအထိအဖေက ဟွန်းလေးကိုအကြိုအပို့လုပ်ရတုန်း။မင်ဟီးနဲ့အတူ ဆိုလ်းမှာဆေးကျောင်းတက်ဖို့ဖြစ်လာတော့ အဖေတစ်ယောက်ထဲအကြွေးတွေနဲ့ချန်ခဲ့ရမှာစိုးလို့တဲ့ ယော်အင်းတက္ကသိုလ်မှာဘွဲ့ယူခဲ့တာ။