+++++++++Unicode+++++++++++
နေ့လည်ဘက်ခပ်နွေးနွေးနေရောင်အောက်ဘက် ညှိုးနွမ်းနေသောပန်းပင်၊သစ်ပင်များကို ဆောင်းဟွန်းရေဖြန်းပေးနေသည်။နွေဘက်မို့ တိုက်ခတ်လာသည့်လေရူးသုန်သုန်အောက် ရေပိုက်ဝမှထွက်လာသောရေစက်တို့ဟာ တခါတခါဆောင်းဟွန်းဘက်ကို ရေစက်ငယ်တို့ကလာထိမှန်လေ၏။
"ဆောင်းဟွန်း မြို့ထဲသွားအုံးမယ်"
တီရှပ်အဖြူလက်ရှည်ကို ဂျင်းပန့်အရှည်နှင့်တွဲကာ ရှိုးအပြည့်နှင့်ထွက်လာသောဂျုံဆောင်းကိုကြည့်၍ ဆောင်းဟွန်းမှာစိတ်မချခြင်းများစွာဖြင့် လည်ပြန်ကြည့်ကာ ဂရုတစိုက်သွားလာဖို့တစ်ဖွဖွမှာနေရသည်။
"စက်ဘီးကို ဂရုစိုက်စီးနော် ဂျေး၊"
" ဟိုရောက်လို့အဆင်မပြေရင်ငါ့ကိုဖုန်းလှမ်းဆက်။"
"စောစောပြန်လာအုံးနော် မိုးရွာရင်စက်ဘီးကိုဖြေးဖြေးသာစီးခဲ့"
ဆိုသောစကားသံများက အိမ်သူသက်ထားတို့၏စိုးရိမ်ပူပင်မှုတို့ပြောစကားများကဲ့သို့။မည်သို့ပင်ဆိုစေကားမူ ဂျုံဆောင်းအတွက်အားအင်လေးတစ်ခုပေ။မိသားစုအသိုက်အမြုံဆိုတာမရှိ၊ကိုယ့်ကိုယ်ကိုမည်သူမှန်းမသိသည့် သူ့အား ဘုရားက ကောင်းချီးတစ်ခုလိုဆောင်းဟွန်းတို့သားအဖလက်ထဲသို့ထည့်ပေးခဲ့လေသည်။
ဂျုံဆောင်းထွက်သွားပြီးမကြာခင်အချိန်တစ်ခုတွင် ဂေဟာခြံအတွင်းကားတစ်စီးဝင်လာသည်။
ကားပေါ်မှဆင်းလာသော နက်ပြာ ရောင်Suitအပြည့်ကိုဝတ်ဆင်ထားသူဟာ အသက်ငယ်ငယ်လူရွယ်တစ်ဦးပင်။လက်ထဲမှရေပိုက်ကိုပစ်ချကာ ဧည့်သည်ဆီသို့ဦးတည်လိုက်သည်။
"ဘယ်သူနဲ့တွေ့ချင်လို့လဲ ခင်ဗျ"
တဖက်လူ၏မျက်ဝန်းများကပြုံးရိပ်သန်းသွားသည်ကို ဆောင်းဟွန်းသတိထားမိသည်။
"ခြံပိုင်ရှင်နဲ့တွေ့ချင်လို့ပါ ၊ ဒီကညီလေးက .."
"ကျွန်တော်က ပိုင်ရှင်ပါ"
"ကိုယ်တို့တွေ့ဖူးကြတယ်မလား"
"ခင်ဗျာ?"
ပြောလာသည့်စကားကို ဆောင်းဟွန်းမှာအူလည်လည်ဖြင့်နားထောင်ရင်းသာ။