နေဝင်ချိန်ဝေဝေဝါးဝါးအောက်မှာ ပင်လယ်ကြီးဟာ အသက်ဝင်နေလျက်။ခရီးမဆိုက် ရောက်ရောက်ချင်းမှာ အဖွဲ့သားတွေအကုန်အနားယူနေကြပေမယ့် ပင်လယ်နှင့်စိမ်းသက်နေသည့် ဆောင်းဟွန်းက ပါလာသည့်အထုပ်တွေ တည်းခိုရာဟိုတယ်ခန်းအတွင်း နေရာချကာ ပင်လယ်ပြင်ကိုငေးမောရန် ထွက်လာခဲ့သည်။အလုပ်ဝင်တာမကြာသေးသည်မို့ အပေါင်းအသင်းသူငယ်ချင်းရယ် သူ့တွင်ကောင်းကောင်းမရှိပါ။ထို့ကြောင့်တစ်ယောက်တည်း ကမ်းခြေမှာလမ်းလျှောက်ရင်း၊ ဓါတ်ပုံရိုက်ရင်းအချိန်ဖြုန်းနေသည်။
နာရီအတန်ကြာကားမောင်းလာရသည်မို့ ဟိုတယ်အခန်းထဲ ရောက်တော့ ဂျုံဆောင်း အညောင်းပြေအညာပြေ ကုတင်ပေါ်ပစ်လှဲကာ အကြောဖြည်ဆန့်မိသည်။ကုတ်အင်္ကျီအတွင်းမှ တုန်ခါလာသည့် ဖုန်းသံကြောင့် အခန်းဝရံတာထွက်ကာ ဖုန်းပြောရန်ကိုင်လိုက်သည်။
"ဟယ်လို ဂျီဟဲ"
"အစ်ကို ရောက်ပြီလား "
"အင်း အခုပဲ ဟိုတယ်ကိုရောက်တယ် "
ဂျုံဆောင်းယူထားသည့်အခန်းဟာ VVIP Seaview ဖြစ်တာမို့ ပင်လယ်ပြင်နဲ့ကမ်းခြေတစ်ခုလုံးကို ရှင်းလင်းစွာမြင်နေရသည်။သူမြင်နေရသည့် မြင်ကွင်းအတွင်း ခေါင်းစွပ်အင်္ကျီဆွယ်တာအဖြူလေးနှင့် ဖြူဖြူဖွေးဖွေး ဆောင်းဟွန်းဟာ တစ်ယောက်တည်းဓါတ်ပုံရိုက်လိုက် လှိုင်းတွေနဲ့ပြေးဆော့လိုက်ဖြင့် ပျော်နေရှာသည်။ ခြေဖျားဖွေးဖွေးတွေဟာ လှိုင်းလုံးများနှင့်ထိကပ်သွားလျှင် အေးလို့ထင်ပါရဲ့ ရယ်မြူးသံထွက်ပေါ်ကာ အော်ဟစ်နေလေ၏။ထိုမြင်ကွင်းကိုကြည့်၍ ဂျုံဆောင်းအနည်းငယ်ပြုံးမိနေသည်ကို ကိုယ်တိုင်ပင်သတိမထားမိ။
သူက ကလေးလား။
"အစ်ကို ဟဲလို အစ်ကို"
"ဂျီဟဲဘာပြောလိုက်တာလဲဟင် "
ဂျီဟဲနှင့်ဖုန်းပြောနေသည်ကို ခေတ္တမျှမေ့သွားသည်အထိ ဆောင်းဟွန်းကိုငေးကြည့်နေမိခဲ့သည်။
"အော် ဖုန်းကျသွားတယ်ထင်လို့ ။ခုနက ဂျီဟဲ မနက်ဖန်လိုက်လာခဲ့မယ်လို့ပြောတာ"
တဖန် ဂျုံဆောင်းဘက်မှတိတ်ဆိတ်၍သွားပြန်သည်။
"အစ်ကို!"