🌀Chapter (12)🌀

270 21 21
                                    

*Zawgyi*

အချစ်စွမ်းအား ဘယ်လောက်တောင်ကြီးမားပါသလဲဟု မေးခွန်းထုတ်လာခဲ့ပါလျှင် နေ့စဉ် ပိတ်ရက်မရှိနီးပါး ဖွင့်လှစ်နေတတ်သော ရွှေသာယာမြို့မဈေးထဲက ချစ်စတိုးဆိုင်လေးနှင့်သူ့ဘေးကပ်လျက်က မြန်မာမုန့်ဆိုင်လေးတို့ဟာ ယနေ့လို လူအများသွားလာလှုပ်ရှားကြသည့် တနင်္လာနေ့မှာတောင် ဆိုင်ရှင်တွေမအားလပ်ကြသဖြင့် ဆိုင်ကို ပိတ်လိုက်ရသည်အထိ ဖြစ်ခဲ့ရလေသည်။

ဦးချစ်ခိုင်၏ခြေလှမ်းများသည် ဒိုဒို့ကိုချစ်ရေးဆိုလိုက်တဲ့နေ့မှစလို့ ဒိုဒိုနေထိုင်သော နှစ်ထပ်ပျဉ်ထောင်အိမ်လေးဆီ ချောင်းပေါက်မတတ်ဖြစ်နေသည်ကို ကိုယ့်ကိုကိုယ်လည်း သတိထားမိပါ၏။

ဒီနေ့လည်း အိမ်ရှင်မများ ဈေးအလာများကြသည့် တနင်္လာနေ့မျိုးမှာတောင် ချစ်စတိုးကို ဖြစ်ချင်ရာဖြစ်ဟုဆိုကာ ပိတ်ပစ်ခဲ့လိုက်သည်။အကြောင်းအရင်းကား ဒီနေ့က ဦးချစ်ခိုင်အတွက် အခါကြီးရက်ကြီးတွေထက် ပိုပြီးကြီးကျယ်ခမ်းနားနေသည့် နေ့တစ်နေ့ဖြစ်နေသောကြောင့်ပင်။ဒိုဒိုလေးနဲ့ ပထမဆုံးချိန်းတွေ့ရမည့်နေ့ဖြစ်တာမို့ ဦးချစ်ခိုင်၏ခြေလှမ်းတွေသည် မြေကြီးကိုပင် မထိချင်တော့လောက်အောင် တက်ကြွလန်းဆန်းနေသည်မှာ သိပ်တော့မဆန်းကြယ်ပေ။

ဒီနေ့ First Dateဖြစ်နေတာမို့ တစ်နေကုန်တစ်နေခမ်း မမောနိုင်မပန်းနိုင် လျှောက်သွား၊လျှောက်စားကာ ချိန်းတွေ့ကြမည်ဖြစ်သည်။ "အဖြေတော့မပေးနိုင်သေးဘူး၊ကျွန်တော်နဲ့ ချိန်းတွေ့ချင်ရင်တော့ တနင်္လာနေ့မနက်ကျရင် ကျွန်တော့်အိမ်ရှေ့ကို အရောက်လာခဲ့"ဆိုသည့် ဒိုဒိုလေး၏ ညစ်ကျယ်ကျယ်စကားကို နားထဲ အထပ်ထပ်အခါခါကြားယောင်နေရင်း လမ်းလျှောက်လာရာမှ ဒိုဒိုတို့အိမ်ရှေ့သို့ ရောက်လာခဲ့ပြီ။

"ဗျို့..ဒေါ်ဒေါ်။ကျုပ်ရဲ့ ဒိုဒိုလေးရောဗျ"

ခြံတံခါးဝမှာမတ်တပ်ရပ်နေရင်း ခြံဝိုင်းအတွင်း ပန်းပင်များကို ရေလောင်းပေါင်းသင်နေသည့် ဒေါ်ဒေါ်ကျော့ကိုတွေ့တာမို့ ဦးချစ်ခိုင် လှမ်းအော်ခေါ်လိုက်မိလေသည်။

ခါးတကုန်းကုန်းနှင့် ပန်းပင်ရေလောင်းနေသော ဒေါ်ကျော့နဒီခမျာ ဦးချစ်ခိုင်ကိုမြင်လျှင်မြင်ချင်း ပါးစပ်အဟောင်းသား။

​လေလျင်​မျောတဲ့ ချစ်စကြာ{Completed}Where stories live. Discover now