🌀Chapter (16)🌀

266 20 10
                                    

*Zawgyi*

သီးပင်စားပင်တို့စုံလင်စွာတည်ရှိသော ခြံဝိုင်းလေးထဲတွင် ခြိမ့်ခြိမ့်သဲစည်ကားနေသော မင်္ဂလာပွဲလေးတစ်ပွဲကျင်းပလျက်ရှိသည်။

"ကြွပါဗျ။ထိုင်ပြီး အဝသုံးဆောင်ကြပါဦးနော်"

အဖြူရောင်လည်ဂတုံးနှင့်ယောပုဆိုးကိုသာ ဆင်တူဝတ်ဆင်ထားကြသော သတို့သားနှစ်ယောက်ထဲမှ ဦးလေးကြီးတစ်ယောက်၏ဧည့်ခံအော်ဟစ်နေသံဟာ မြိုင်ဆိုင်လို့။သူ့၏မျက်နှာထက်တွင် ဖြေမဆည်နိုင်သောအပြုံးတို့ ဖြစ်တည်လျက်ရှိချေသည်။

သတို့သားငယ်လေးက သူ့ခင်ပွန်းလောင်းကိုကြည့်ကာ ရင်ထဲ၌ လှိုက်ခနဲတက်လာသော ဝမ်းသာပီတိဖြစ်မှုတို့က ပြောမပြတတ်လောက်အောင်ပင်။အမေနဲ့ဦးဖေငြိမ်းကို လှမ်းကြည့်မိတော့လည်း သူတို့လည်း ထပ်တူ ပြုံးရွှင်နေလျက်။ဒီမင်္ဂလာပွဲက ဖခင်အရင်း မတက်ရောက်နိုင်သည့် မင်္ဂလာပွဲတစ်ခုတော့ဖြစ်သွားခဲ့သည်ပေါ့။

အဘိုးကြီးက ဒိုဒို့ကို အမှန်တကယ်ပင် တင့်တောင်းတင့်တယ်လက်ထပ်ယူခဲ့လေသည်။မင်္ဂလာပွဲကုန်ကျစရိတ်တွေကအစ ခန်းဝင်ပစ္စည်းတွေအဆုံး ကုန်ကျစရိတ်အားလုံးကို ဒိုင်ခံပေးခဲ့တာ။ယောက်ျားတစ်ယောက်က ယောက်ျားတစ်ယောက်ကို လက်ထပ်သည်ဆိုပေမယ့် အဘိုးကြီးက ဒိုဒို မျက်နှာမငယ်ရလေအောင် မိန်းကလေးတစ်ယောက်အား လက်ထပ်ယူသကဲ့သို့ပင် တန်ဖိုးထားပြီး လက်ထပ်ယူပေးခဲ့သည်။

ကျန်ရှိနေသော ဘဝခရီးလမ်းတွေကို အဘိုးကြီးနဲ့အတူတူ ဆက်လျှောက်လှမ်းရတော့မည်ဆိုသည့်အသိက ဒိုဒို့အား ခွန်အားတွေအများကြီးရှိစေသလိုပင်။ဖေဖေနဲ့နေတုန်းကရော၊မေမေနဲ့ နေခဲ့တုန်းကရော၊အခု ယောက်ျားရပြီးသည်အထိ ကလေးလိုပဲ အဆက်ဆံခံရကာ အခုလည်းကလေးလိုပဲ ဆက်နေရဦးမည်ဆိုတာ တွေးမိတော့ ဒိုဒို့အနေနှင့် ဝန်ပေါ့ရ၏။အဘိုးကြီးစောင့်ရှောက်ပေးမည့် ကလေးလေးတစ်ယောက်ပဲဖြစ်ချင်ပါသည်။လူကြီးမဖြစ်ချင်သေးပါ။

"ဦးရဲ့ဒိုဒိုလေး..ပျော်နေရဲ့လား"

ဒိုဒို အသာလေးခေါင်းညိတ်ပြလိုက်တော့ ဦးချစ်ခိုင်က ဒိုဒို့ပါးပြင်လေးကို ဆွဲဆိတ်ပစ်လာသည်။ဤလက်ထပ်ပွဲအား လက်ခံပေးနိုင်ကြသောလူများသာ ဧည့်သည်အဖြစ်လာကြတာမို့ အားလုံးဟာလည်း ဒိုဒိုတို့နှစ်ယောက်အားကြည့်ရင်း အပျော်တွေကူးစက်ကာ ပီတိဖြာကြတော့သည်။

​လေလျင်​မျောတဲ့ ချစ်စကြာ{Completed}Where stories live. Discover now