Chapter-19

5.6K 615 11
                                    

Unicode Version

ညအမှောင်ဟာ တိတ်တဆိတ်ချဥ်းကပ်လာပြီး သတိမထားမိလိုက်ခင်မှာတင် ကောင်းကင်ကြီးတစ်ခုလုံးဟာ မဟူရာရောင်သမ်းနေချေပြီ။ အမှောင်ထုကိုအံတုလေသော မြို့ပြ၏ညချမ်းကတော့ မီးရောင်စုံထိန်လင်းလျက်သာ...။

အမှောင်ထုထိုးဖောက်ဝင်ရောက်ဖို့ရာအတွက် နေရာလပ်လေးတစ်ခုမျှပင်မပေးဘဲ ဟိုဟိုသည်သည်နေရာအနှံ့မှာ ထိန်လင်းနေသောမီးရောင်တို့က လက်ထိုးအရုပ်လေးကိုယ်စီကိုင်ထားကြသော ကောင်လေးနှစ်ယောက်၏ခန္ဓာကိုယ်ထက်၌ အသရေတင့်တယ်စွာဖြာကျနေပုံမှာ ပြာလဲ့လဲ့ရေပြင်ကျယ်ကို နေရောင်ခြည်ထောက်လိုက်၍ တဖိတ်ဖိတ်တလက်လက်တောက်ပနေသည့်အလားပင်။

စိတ်ချမ်းသာဖွယ်လေထုလေးမှာ နှစ်ယောက်သားအကြား ရစ်ထွေးယှက်သန်းနေလေရာ စွမ်းစေတမာန်၏စိတ်အခြေအနေမှာ အကောင်းဆုံးအဆင့်အထိ ရောက်နေသဖြင့် မြင်မြင်သမျှအရာရာကို လှပလွန်းသည်ဟုသာ တွေးနေမိသည်။ ကမ္ဘာကြီးဟာ ဤမျှအထိလှပပြီး ဆက်ရှင်သန်ချင်စဖွယ်ကောင်းအောင် နေရာတကာမှာ ပျော်ရွှင်မှုတို့ပြည့်လျှမ်းနေလေကြောင်း သူ ယခင်ကသတိမထားမိခဲ့ပေ။

စိတ်ပျက်အားလျော့မှုများအကြား ရှင်သန်ခဲ့ရစဥ်က အရောင်အဆင်းမဲ့သောကမ္ဘာကြီးဟာ ယခုတော့ဖြင့် အရောင်စုံအသွေးစုံဖြင့် မျက်လုံးကျိန်းမတတ်တောက်ပလင်းလက်နေတော့သည်။

သူ့ဘေးနားမှာ သူနှင့်အတူယှဥ်တွဲ၍ လမ်းလျှောက်နေသူကို စွမ်းစေတမာန် တိတ်တိတ်လေးငေးမိသည်။ နှိုင်းအမြုတေဟာ အရောင်အဆင်းကင်းမဲ့သော အဖြူအမည်းကမ္ဘာကြီးထဲမှာ ရှင်သန်နေခဲ့သောသူ့အား အမြင်မှန်ရစေပြီး သူနေထိုင်နေခဲ့သော သူ့ကမ္ဘာကိုလည်း အရောင်အသွေးစုံလင်လှပသောကမ္ဘာဖြစ်အောင် Coloring Penလေးတစ်ခုလို စွမ်းဆောင်ပေးခဲ့သည်။

နှိုင်းအမြုတေသည် နာမည်နှင့်လိုက်ဖက်စွာပင် အဖိုးအနဂ္ဃထိုက်တန်ပါသည့် အမြုတေရတနာတစ်ပါးနှယ် သူ့အဖို့ တန်ဖိုးရှိလှသည်။

နှိုင်းအမြုတေဟာ တစ်ခါတရံမှာ ထက်ထက်မြက်မြက်နှင့် ဆွဲဆောင်မှုရှိနေတတ်သလို ရံဖန်ရံခါမှာလည်း တုံးတုံးအအပုံစံလေးဖြင့် ချစ်စရာကောင်းနေတတ်သည်။

ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မိသွားပြီ (Completed)Where stories live. Discover now