Chapter-31

5K 513 30
                                    

Unicode Version

ကျောင်းသားများ၏စကားပြောသံများနှင့် ဆူညံသံများကြောင့် လှုပ်ရှားသက်ဝင်ခဲ့ဖူးသောကျောင်းဆောင်ကြီးမှာ ပကတိတိတ်ဆိတ်လျက်..။

ဟိုဟိုသည်သည်သွားလာနေကြသေးသော ကျောင်းသားအချို့မှာလည်း ခပ်ဆိတ်ဆိတ်။ အဆောင်နေကျောင်းသားတချို့ကတော့ အထုပ်အပိုးများသိမ်းဆည်းကာ အိမ်ပြန်ဖို့ပြင်နေကြချေပြီ။ အကြောင်းမှာ စီနီယာကျောင်းသားများက စာမေးပွဲအားလုံးကို ဖြေဆို၍ပြီးစီးခဲ့ပြီသာ။

ကျန်နေသေးသော ဂျူနီယာကျောင်းသားများဖြစ်သည့် ပထမနှစ်နှင့်ဒုတိယနှစ်လေးများကသာ "စာမေးပွဲ"ဆိုသည့်အရာနှင့် လုံးပန်းရပေဦးမည်။

စာမေးပွဲပြီးသွားသော်လည်း အိမ်မပြန်နိုင်ကြသေးဘဲ ကျောင်းထဲမှာတင် လတ်လျားလတ်လျားလုပ်နေကြသေးသော စီနီယာကျောင်းသားအနည်းစုလည်း ရှိသေးသည်။ ထိုအထဲမှာ စွမ်းစေတမာန်နှင့် ဝဠာဟိန်းပိုင်တို့က ထိပ်ဆုံးကပင်။

"ဘယ်နှနာရီထိုးပြီလဲ"

နှစ်ယောက်စလုံးဟာ ဒုတိယနှစ်များစာမေးပွဲချိန်အပြီးကို စောင့်နေကြခြင်းပင်။

ဂနာမငြိမ်ဖြစ်နေသော စွမ်းစေတမာန်ကြောင့် သည်းခံနိုင်စွမ်းလွန်ပြီဖြစ်သောဝဠာဟိန်းပိုင်က "ပိုကိုပိုတယ်"ဟု မကြားတကြားရေရွတ်ရင်း...

"ဆယ့်ငါးမိနစ်တောင်လိုပါသေးတယ်ကွာ..။ အေးဆေးစကားပြောကြရအောင် ထိုင်စမ်းပါ"

ဝဠာဟိန်းပိုင်က ဖင်တကြွကြွဖြစ်နေသော စွမ်းစေတမာန်ကို အပင်ရိပ်အောက်ရှိခုံတန်းလေးဆီကို ခေါ်လာသည်။ ထို့နောက် ပြောဖြစ်ကြမည့်စကားအကြောင်းအရာတို့ကြောင့် နှစ်ယောက်သား၏အမူအရာမှာ လေးနက်သည်ထက်လေးနက်လာကြသည်။

"အခြေအနေ ဘယ်လိုရှိလဲ"

စကားပြောဖို့တိုက်တွန်းသူက ဝဠာဟိန်းပိုင်ဖြစ်သော်ငြား ထိုအကြောင်းအရာကိုသိရဖို့ စိတ်အားထက်သန်နေသူကတော့ စွမ်းစေတမာန်သာ။

"ငါပြောရင် မင်းစိတ်ထိန်းထားမယ်လို့ကတိပေး"

ဝဠာဟိန်းပိုင်က ပုံမှန်အချိန်တွေမှာ စွမ်းစေတမာန်ဆိုးနွဲ့သမျှသည်းခံပေးမည့်အစ်ကိုတစ်ယောက်ဖြစ်သော်လည်း ယခုမှာတော့ စည်းကမ်းတင်းကြပ်သော အစ်ကိုတစ်ယောက်၏အသွင်ကို ဆောင်နေ၏။

ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မိသွားပြီ (Completed)Where stories live. Discover now