Chapter-41

3.9K 433 48
                                    

Unicode Version

ခေါင်းထဲမှာဗလာကျင်းနေသဖြင့် မျက်လုံးတစ်စုံကိုဖွင့်လိုက်မိချိန်မှာ ကြားနေရသောစကားများရန်ဖြစ်နေသံတို့ကို ဘယ်သူဘယ်ဝါရယ်ဟု သူ့မှာမသဲကွဲ။

သူကိုယ်တိုင်တောင် သူဟာဘယ်သူလဲမသိ။ ဘယ်ရောက်နေသလဲဆိုတာကိုလည်း မရေမရာ..။

ဝေဝေဝါးဝါးကြားနေရသောငြင်းခုန်သံများက သူ့နားထဲပြတ်သားလာသည်အထိ သူ့မှာ ထိုပုံစံအတိုင်း မလှုပ်မယှက်သာနေနေမိသည်။

"ဒီတော့ ကိုကိုဘာဖြစ်ချင်လဲ။ ကျွန်တော် သူ့ကိုမကျေနပ်ဘူး။ သူသိသူတတ် အကုန်လုံးထဲမှာ သူပဲအတော်ဆုံးအကောင်းဆုံးလိုမျိုး ပြုမူပြနေတာကို စိတ်ကုန်လို့လုပ်တာ။ ဘာဖြစ်သေးလဲ"

တစ်စုံတစ်ယောက်အား မကျေမနပ်ဟစ်အော်သံတစ်ခုက သူ့နားထဲ ဟိန်းခနဲ။

"မဟုတ်သေးဘူး။ မင်းအရှက်ခွဲခံထားရလို့ သူ့ကိုလက်စားချေချင်နေတာ ကိုယ်သိပါတယ်။ ဒါပေမဲ့ ကိုယ်တို့ ဒီလိုနည်းလမ်းကြီးနဲ့မလုပ်ဘဲနေကြရအောင်.. ဘေဘီ ဒါက ပြန်ပေးဆွဲမှုနော်"

"ကိုကို.. နှိုင်းအမြုတေကို သံယောဇဥ်ရှိတုန်းပဲ ဟုတ်တယ်မလား"

"စကားလမ်းကြောင်းက ဘယ်ကနေဘယ်လိုအဲ့ဒီကိုရောက်သွားတာတုန်း။ ဆိုင်မှမဆိုင်တာ"

"ဆိုင်တာမဆိုင်တာ အသာထားပါ။ ကျွန်တော်မေးတာဖြေ.. ကိုကို သူ့ကို စိတ်မပြတ်သေးဘူးမလား"

ချောင်ပိတ်၍မေးခွန်းထုတ်သူက ထုတ်နေလေရာ ဖြေရမည့်သူကလည်း အဖြေခက်နေလေ၏။

"ကိုယ်​ထင်တာတော့ မင်း ပိုင်စိုးမိုးသူ​ရန်တိုက်ပေးတဲ့စကားတွေကို ယုံနေတဲ့ပုံပဲ။ ကိုယ်ပြောမယ်။ အဲ့ကောင်က အရမ်းဥာဏ်နီဥာဏ်နက်များတယ်။ မင်း ဘာလို့ ကိုယ်မသိဘဲ အဲ့ဒီကောင်နဲ့ပေါင်းနေရတာလဲ"

"ဒါဆို ကိုကိုရော ဘာလို့သူနဲ့ပူးပေါင်းထားသေးလဲ"

"ဟုတ်တယ်။ ကိုယ်လည်း သူနဲ့ပူးပေါင်းတာမှန်တယ်။ ဒါပေမဲ့ ကိုယ်က မင်းလို မိုက်မိုက်မဲမဲတွေမလုပ်ဘူး။ ပြီးတော့ မင်းက ပုံမှန်လိုဆိုရင် ဒီလိုအလုပ်မျိုးလုပ်မှာမဟုတ်ဘူးဆိုတာ ကိုယ်သိတယ်။ ပိုင်စိုးမိုးသူနဲ့ပေါင်းပြီး အဲ့ဒီကောင်က မင်းကိုဘယ်လိုစိတ်ဆွပေးလိုက်မှန်းတော့မသိပေမယ့် သေချာတာတော့ အဲ့ကောင်က မင်းရဲ့အားနည်းချက်နဲ့ အထိမခံတဲ့အချက်ကိုနင်းပြီး မင်းကိုအသုံးချနေတာပဲ.. သိရဲ့လား"

ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မိသွားပြီ (Completed)Where stories live. Discover now