Chapter-43

4.2K 463 17
                                    

Unicode Version

ထိုအရှုပ်အထွေးကြီးအပြီးမှာ ပိုင်စိုးမိုးသူနှင့်သွန်းစေဖြိုးတို့ဟာ ပြန်ပေးဆွဲမှု၏အဓိကတရားခံနှစ်ယောက်အဖြစ် အကျဥ်းချခံထားရပြီး တရားခွင်စတင်ဖို့ စောင့်ဆိုင်းနေကြသော်လည်း ဦးထွန်းရှိန်ကတော့ လူသက်သေရော ပစ္စည်းသက်သေများပါ အမိအရစုဆောင်းထားသည့်အပြင် ထိုနှစ်ယောက်စလုံး လွတ်မသွားတာသေချာအောင်ပြင်ဆင်ထားလေရာ လွတ်မြောက်နိုင်ဖို့အခွင့်အရေးကား မရှိသလောက်နည်းပါးလေ၏။

ထို့ပြင် ကျူပင်ခုတ်ကျူငုတ်ပါမကျန်အောင်စေ့စပ်လှသော ဦးထွန်းရှိန်ဟာ ပိုင်စိုးမိုးသူအား နောက်ကွယ်မှကူညီနေသူကိုလည်း လှုပ်မရအောင်ချုပ်ကိုင်ထားလေရာ ယခုလက်ရှိမှာ အရာအားလုံးသည် သူ၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာချေပြီ။

ကိစ္စအားလုံးလွန်ပြီးတော့မှ သတင်းရသဖြင့်ရောက်လာသော ဇမ္ဗူတလွှားကတော့ သူ့ကိုမပြောရကောင်းလားဟုဆိုကာ ဝဠာဟိန်းပိုင်အား စိတ်ဆိုးနေရှာ၏။ သို့သော် မလွန်ဆန်နိုင်ရှာသောသူ့ခမျာ ခပ်ကြာကြာလည်း စိတ်မဆိုးရဲချေ။

နောက်ပိုင်းကိစ္စတွေကို ကိုင်တွယ်ရန်ဟုဆိုကာ ပျောက်သွားသောထိုတဇွတ်ထိုးလေးကို ဝဠာဟိန်းပိုင်လည်း တားဖို့မတတ်သာသဖြင့် စိတ်ကြိုက်သာလုပ်ရန် လွှတ်ထားလိုက်ရတော့သည်။

ကိစ္စအားလုံးကို ဦးထွန်းရှိန်နှင့်ဇမ္ဗူတလွှားတို့က တာဝန်ယူထားသည့်အတွက် စွမ်းစေတမာန်နှင့်နှိုင်းအမြုတေက ဖြစ်ပျက်ခဲ့သမျှအရာရာတိုင်းမှာ ခံစားခဲ့ရသောစိတ်ပိုင်းဆိုင်ရာခံစားချက်တို့ကို ပြန်လည်ချိန်ညှိဖို့သာ ကြိုးစားနေကြရသည်။

ထိုနေ့က အခန်းငယ်တစ်ခုထဲမှာ ငြိမ်းသံလွင်ခက်နှင့်အတူ ငြိမ်ငြိမ်ဝပ်ဝပ်လေးပုန်းနေခဲ့သော နှိုင်းအမြုတေကို စွမ်းစေတမာန်ရှာတွေ့ချိန်တွင် ထိုကောင်ငယ်လေး၏ပုံပန်းသွင်ပြင်ဟာ ပုံမှန်အချိန်တွေနှင့်မတူဘဲ အနည်းငယ်အားနည်းပြီး ဖျော့တော့နေရှာသည်။

ထိုပုံစံလေးကိုမြင်ရသည့်အခါ စွမ်းစေတမာန်မှာ ရင်ထဲနင့်ခနဲ..။

ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မိသွားပြီ (Completed)Where stories live. Discover now