နှလုံးသားနဲ့နာတော်မူပါ:အပိုင်း(၇)ဂန္တဝင်တွင်မဲ့ ပွဲကြီးပွဲကောင်း
ညသန်းခေါင်လဲနီးပြီ...ဖားအော်သံလဲစီစီညံပြီဆိုတော့ ပိုင်စိုးတို့ရဲ့ဂန္တဝင်တွင်မဲ့ ပွဲကြီးပွဲကောင်းကစပြီ။
ပိုင်စိုးတို့တတွေကင်းတဲပေါ်ကနေ မျက်တောင်တောင်မခတ်ပဲ ရှေ့တူရှုက ရန်ရှင်း(၁)လမ်းကိုကြည့်နေကြတယ်။ကန်တော်မောင်လမ်းထဲကနေ အန္တရာယ်ကင်းကင်းထွက်လာဖို့ဆိုတာက လွယ်တယ်။ကန်တော်မောင်လမ်းနဲ့ပြည်တော်သာလမ်းကိုဆက်ထားတာက ရန်ရှင်း(၁၊၂၊၃)ဆိုတဲ့လမ်းကြားတွေ။ဘယ်လမ်းကြားကထွက်ထွက် အသာအယာလေးပြည်တော်သာလမ်းကိုရောက်တယ်။
ဒါပေမဲ့ အဓိက အစီအစဥ်ချထားတဲ့လမ်းကြားက ထိုက်နွယ်တို့ရဲ့ဘေးလမ်းဖြစ်တဲ့ ရန်ရှင်း(၁)လမ်းပဲ။ရန်ရှင်း(၁)လမ်းထိပ်မှာ ကင်းတဲရှိတာမို့ နောက်ကလိုက်ရင်တောင်မှ ကင်းတဲရှိတဲ့လမ်းကိုရှောင်မှာပဲ။
"ပိုင်စိုး...စန်းလွင်တို့တွေကြာလှချည်လား...အနှိပ်ခံနေရပြီလားမသိဘူး"
"အနှိပ်ခံရရင်တော့ သေချာပေါက်အကြောပြေမှာပဲ"
"မင့်မေကလွှား...ထစမ်းဖိုးညို!"
ကိုတိုးကြီးကစိုးရိမ်တကြီးပြောတာကို ကင်းတဲနံရံကိုမှီရင်းငိုက်နေပြီး အိပ်မှုန်စုံဝါးဖြစ်နေတဲ့ ဖိုးညိုက အသံကြားဖမ်းတရားနာတယ်။ပိုင်စိုးတို့ခပ်တိုးတိုးရယ်လိုက်ရင်း ဆက်စောင့်ကြည့်နေလိုက်ကြတယ်။
"ချိန်းထားတာ ၁၂မလားကွ!"
"ကိုတိုးကြီးကလဲဗျာ...မိန်းမသွားခိုးပါတယ်ဆိုမှ ချိန်းထားတဲ့အချိန်ကိုက် ရောက်မလား..ပြီးတော့ စိတ်ပူမနေနဲ့ ကျွန်တော်တို့ဘက်မှာက ပရော်ဖက်ရှင်နယ် ရှိတယ်လေဗျာ...ဟင်း ဟင်း"
ဟုတ်တယ်...ပိုင်စိုးကတော့ သိပ်စိတ်မပူလှပါဘူး။သူဆိုတဲ့လူက မပိုင်ရင် ခြင်မပြောနဲ့ ပုရွက်ဆိတ်တောင်ဖမ်းတဲ့ကောင်မဟုတ်ဘူး။သူတို့အခုငှားထားတဲ့ ပရော်ဖက်ရှင်နယ်ဆိုတာက..."ဒိုးလေး" ဆိုတဲ့ကောင်။ပရော်ဖက်ရှင်နယ် ကျွမ်းကျင်အဆင့်သူခိုး။
ဒိုးလေးဆိုတဲ့ကောင်က သူခိုးနက္ခက်နဲ့နတ်နက္ခက် ယှဥ်မွေးလာတဲ့ကောင်လို့သူ့ဟာသူပြောတာပဲ။သူ့ကျမှဘယ်လိုဖြစ်လို့ သူခိုးနဲ့ နတ်ကယှဥ်သွားလဲမသိဘူး။ထားပါလေ..အဲ့တာကသူ့အကြောင်း။ပြောချင်တာက အဲ့ကောင်က မွေးရာပါသူခိုး..။
YOU ARE READING
နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)
Romanceသို့/ နွယ်ရေ...နားနဲ့မနာ ဖဝါးနဲ့မနာ..နှလုံးသားနဲ့သာနာတော်မူပါ။နွယ့်အပေါ်ကို တဏှာတစ်ဖက် သဒ္ဒါတစ်ဖက် နဲ့လှေနံနှစ်ဖက်နင်းမိပါပြီ။နွယ့်အပေါ်ကို ချစ်ကြိုက်တာအပြင် မြတ်နိုးတာပါဆင့်နေမိပြီမို့ အခုရည်းစားစာခေါ် ပိယပဏ္ဏကို ရေးလိုက်ရပါတယ်။