အပိုင်း(၁၇)
ပြန်လက်စားချေပစ်မှာ
ပိုင်စိုးဖျားနေတယ်။
အချို့အချို့သော သူများတွေလိုမျိုး ရည်းစားကပစ်သွားပြီး ရည်းစားပူမိတာတို့၊ရည်းစားကဂရုမစိုက်လို့တို့ကြောင့်နှလုံးသားလေးဖျားနေတာမဟုတ်ဘဲ တကယ်ကြီးကိုယ်တွေပူပြီးဖျားနေတာ။ဘောလုံးကန်ရင်း နေပူလိုက်မိုးရွာလိုက်နဲ့ အပူရှပ်ပြီးဖျားတာ။ရည်းစားပူကလဲ ကြံဖန်ပြီးကူလီကူမာလုပ်ပြီးတောင်မှမိလို့မရဘူး။သူ့ရည်းစားလေး နွယ် က သူ့ကိုချစ်လိုက်တာမှတုန်လို့။အခုလဲ သူ့ကိုဆေးကုဖို့ ဆရာဝန်သွားပင့်ပေးနေတယ်လေ။
သူ့ဆီရောက်လာပြီး တစ်ယောက်တည်းရှိနေတုန်း နေမကောင်းဖြစ်နေမှန်းသိသွားခါစကဆို အရမ်းစိတ်ပူသွားတဲ့ နွယ့် မျက်နှာလေးကတကယ့်ကိုရောဂါပျောက်ချင်စရာ။ချက်ချင်းထိုင်ရာကနေထပြီး ဆရာဝန်ခေါ်ဖို့ထွက်သွားတဲ့နွယ့်ကိုသူမတားနိုင်လိုက်ဘူး။
တကယ်ဆိုဆရာဝန်ပင့်စရာမလိုပါဘူး ...သူ့အတွက်ဆေးကနွယ်ပဲလေ။
အတွေးမဆုံးခင်မှာပဲ ထိုက်နွယ်နဲ့အခြားလူတစ်ယောက်ကသူ့မြင်ကွင်းထဲကိုဝင်လာတယ်။
"မိုးရွာပြီးလေစိမ်းတွေတိုက်နေတာကို သေချင်လို့အပြင်ထွက်ထိုင်နေတာလား ပိုင်စိုး!..."
ထိုက်နွယ်က ထီးကိုပိတ်ပြီးအနားကတိုင်မှာထောင်လိုက်ရင်း သူ့ကိုကြိမ်းမောင်းတယ်။ပိုင်စိုးမျက်နှာကြီးကပြုံးလို့နေတယ်။သူ့နားထဲကို အဲ့ဒီကြိမ်းမောင်းစကားက သကာပျားရည်လိုမျိုးဝင်သွားတယ်။အနေတည်ပြီးစကားပြောလဲပြတ်တဲ့၊သူ့ကိုဆိုတမင် အထိနာအောင်ပြောတတ်တဲ့ သူ့ရဲ့နွယ်လေးကသူ့အပေါ်ကိုတော့တကယ်ဂရုစိုက်တယ်ဆိုတာသူကလဲသိတယ်။သူ့ကိုတကယ်ဂရုမစိုက်ဘဲနဲ့တော့ အခုလိုမိုးရေထဲထွက်ပြီး ဆရာဝန်ကိုခေါ်လာမှာမဟုတ်ဘူး။
နွယ်က သူ့လက်မောင်းကနေကိုင်ပြီး အိမ်အတွင်းထဲကို မြန်မြန်ဆွဲခေါ်ရင်း..."ပိုင်စိုး!ငါပြောတာကြားလား...မိုးရေတွေပါလာစင်နေတာကို ဘာလို့အပြင်ထွက်ထိုင်နေတာလဲလို့"
YOU ARE READING
နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)
Romanceသို့/ နွယ်ရေ...နားနဲ့မနာ ဖဝါးနဲ့မနာ..နှလုံးသားနဲ့သာနာတော်မူပါ။နွယ့်အပေါ်ကို တဏှာတစ်ဖက် သဒ္ဒါတစ်ဖက် နဲ့လှေနံနှစ်ဖက်နင်းမိပါပြီ။နွယ့်အပေါ်ကို ချစ်ကြိုက်တာအပြင် မြတ်နိုးတာပါဆင့်နေမိပြီမို့ အခုရည်းစားစာခေါ် ပိယပဏ္ဏကို ရေးလိုက်ရပါတယ်။