(2)

158 17 0
                                    

Unicode

(2)

မြင့်မားသောအဆောက်အဦးပေါ်တွင် လက်ရန်းကိုမှီကာထိုင်လျှင် ဆယ်မိုင်ရှည်လျားသည့်လမ်းနှင့် နှင်းလွင်ပြင်မှာရောင်ပြန်ဟပ်နေသည့် တောက်ပသောမီးရောင်များ၏ မြင်ကွင်းကျယ်ကို အပေါ်စီးက မြင်နိုင်၏။

လူငယ်လေးများသည် အခါးရည်နှင့် သစ်သီးဝလံများကို သုံးဆောင်ရင်း မြို့တော်ရှိ စိတ်ဝင်စားဖွယ်ရာကိစ္စရပ် သေးသေးကြီးကြီးမှန်သမျှကို ကျယ်ကျယ်လောင်လောင်ဖြင့် ပျော်ရွှင်စွာ ရယ်မောပြောဆိုနေကြသည်။ ကျုယန့်ထင်က အပြုံးလေးတစ်ခုနှင့် မျက်လွှာကိုချထားပြီး အခါးရည်ပန်းကန်လုံး၏အဖုံးကို ပွတ်သပ်ရင်း စကားများကို စေ့စေ့စပ်စပ်နားထောင်နေပြီး အများကြီးဝင်မပြောပေ။

ရှောင်းလန့်ပေးခဲ့သော မေပယ်ရွက်မီးပုံးက သူ့လက်ဘေးနားတွင် ရှိသည်။ လေတစ်ဝှေ့တိုက်ခတ်လာတော့ ဖယောင်းတိုင်မီးက တဖျပ်ဖျပ်ဖြစ်သွား၏။ မီးရောင်က ပျံ့ကျဲသွားပြီး သူ့မျက်လုံးထဲက အပြုံးများကဲ့သို့ပင် မှန်းဆရခက်ခဲလေသည်။

ရှောင်းလန့်က ကျုယန့်ထင်နှင့် မျက်နှာချင်းဆိုင် ထိုင်နေသည်။ သူ့အကြည့်တွေက တစ်ဖက်လူ၏မျက်ခုံးများရှိရာရောက်လာပြီး ခဏလောက်ရပ်လိုက်ပြီးမှ "မင်း.. မင်းက ဘာလို့ တော်ဝင်စာသင်ကျောင်းကိုသွားတာလဲ"

ကျုယန့်ထင်က မြေပဲတစ်စေ့ကို မသိမသာ ပါးစပ်ထဲပစ်ထည့်လိုက်ပြီး အပြုံးနှင့်ပြောလာသည် "ရှောင်းလူကြီးမင်းဆိုလိုတာက ကျွန်တော်က ဘာလို့ မျိုးနွယ်စုစာသင်ကျောင်းကို မသွားတာလဲလို့ မေးချင်တာလား"

ရှောင်းလန့်က သူ့ကို တိတ်တဆိတ်ကြည့်နေသည်။

ကျုယန့်ထင်က ခေါင်းကိုခါလိုက်ပြီး "တော်ဝင်စာသင်ကျောင်းကိုသွားတာက အနည်းဆုံးတော့ တကယ့်အရာတွေကို လေ့လာနိုင်တယ်လေ၊ မျိုးနွယ်စုစာသင်ကျောင်းက နာမည်ပဲကျန်တော့တာ ကြာပါပြီ"

ရှောင်းလန့်က မျက်မှောင် အနည်းငယ်ကျုံ့လိုက်သည်။ ကျုယန့်ထင်ပြောသည်မှာ အမှန်ပင်။

ကျုမိသားစု၏သားမြေးများ ပျက်စီးလာသည်မှာ ကြာလှပြီဖြစ်သည်။ အများစုမှာ မြို့တော်တွင် မရှိကြပေ။ ထိုသူအများစုမှာ နယ်စားများဖြစ်ကြပြီး သူတို့က အလွန်အကျုး ပျော်ပါးသောက်စားကာ နေ့ရက်တွေကို ဖြတ်သန်းကြသည်။ စာသင်ရန် အခြေချနေထိုင်နိုင်သူ အင်မတန်ရှားပါးသည်။

မိုးထက်ကသခင်လေးWhere stories live. Discover now