(17)

73 14 1
                                    

Unicode

(17)

ရုတ်တရက်ဖြစ်ပေါ်လာသည့် ဤအပြောင်းအလဲကြောင့် အမဲလိုက်ပွဲမှာ စောလျင်စွာအဆုံးသတ်သွားခဲ့သည်။ ထိုနေ့တွင်ပင် ခမ်းနားထည်ဝါသည့် တော်ဝင်ယာဉ်တန်းကြီးက မြို့တော်သို့ပြန်ရန် ထွက်ခွာသွားခဲ့သည်။

ဧကရာဇ်သည် အဖြစ်အပျက်တစ်ခုလုံးကို တင်းတင်းကျပ်ကျပ် စုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့သည်။ သို့သော် မည်ကဲ့သို့ ဖင်တပြန်ခေါင်းတစ်ပြန်စစ်ဆေးခဲ့ပါစေ မတော်တဆမှုတစ်ခုအဖြစ်သာ ယူဆ၍ရခဲ့သည်။ အဆုံးမှာတော့ မြို့တော်မြောက်ပိုင်းတပ်ရင်း၏ ခေါင်းဆောင်စစ်သူကြီးကိုသာ တာဝန်ပျက်ကွက်မှုဖြင့် ထုတ်ပယ်နိုင်ခဲ့သည်။

မြို့တော်သို့ပြန်ရောက်ပြီး နှစ်ရက်ကြာသောအခါ တောင်ပိုင်းမှ သတင်းပို့လာခဲ့သည်။ ဓါးပြတပ်က တောင်ပိုင်းကိုကျူးကျော်လာခဲ့ပြီး နှစ်လတောင်မပြည့်သည့်အချိန်တွင် ယွင်နန်နှင့်ယုံးကျိုးမှ မြို့အများစုကို သိမ်းပိုက်ခဲ့ကာ ယခုမူ သူတို့က ချန်ကျိုးကိုပါ မျက်စောင်းထိုးနေကြပြီဖြစ်သည်။ ထို့ထက်ပိုဆိုးသည်က ဘုရင်ခံမင်းသား၏အိမ်တော်ကိုပါ ဝင်စီးနင်းပြီး အိမ်တော်အတွင်းရှိလူများကို အကြောင်းမဲ့သက်သက်သတ်ဖြတ်၍ မြို့အဝင်တွင် လူခေါင်းကို ချိတ်ဆွဲထားခဲ့ကာ ဘုရင့်အာဏာကို ပြောင်ပြောင်တင်းတင်းစိန်ခေါ်ခဲ့ကြသည်။

အချိန်တစ်ခုလောက် သူ့ဘက်ကိုယ့်ဘက် အထက်အောက် လူတွေအကုန်လုံး ထိတ်လန့်ကုန်ကြ၏။ တစ်ချို့က ယန်ဇီမြစ်တောင်ပိုင်း(ကျန်းနန်)မှာ တပ်စွဲထားသည့် တင့်နယ်စားအား တပ်တွေကိုဦးဆောင်ခိုင်းပြီး ဆုံးရှုံးသွားသောနယ်မြေများကို ပြန်လည်သိမ်းယူခိုင်းရန် အကြံပြုကြသည်။ တစ်ချို့ကလည်း တောင်ဘက်နယ်စပ်ကအရိုင်းမြေတွေကို ဆုံးရှုံးသည့်အတိုင်းထားလိုက်ပြီး ကျန်းနန်ကိုသာ သေသေချာချာစောင့်ကြပ်သင့်သည်ဟု ပြောကြပြီး နှစ်ဖက်လုံးက အတောမသတ် ငြင်းခုံနေခဲ့ကြသည်။ ဧကရာဇ်သည်က ညီလာခံသို့မျက်နှာလာမပြခဲ့။ သူက အုပ်ချုပ်ရေးအဖွဲ့ကိုသာ တော်ဝင်ပြန်တမ်းတစ်ခု ထုတ်ခိုင်းလိုက်ပြီး တိုင်းပြည်တစ်ဝှမ်းက မှူးမတ်အရာရှိတွေကို မိမိတို့မြို့ရိုးကို သေချာစွာစောင့်ကြပ်ပြီး နောက်ထပ်မြို့တစ်မြို့ ရေကန်တစ်ကန်တောင် မဆုံးရှုံးစေရဟု အမိန့်ထုတ်ခဲ့သည်။

မိုးထက်ကသခင်လေးWhere stories live. Discover now