(5)

109 12 0
                                    

Unicode

(5)

နဂါးလှေပွဲတော်မတိုင်မီညတွင် ဧကရာဇ်သည် တော်ဝင်ဆွေတော်မျိုးတော်များ၊ ဂုဏ်ထူးဆောင်မိသားစုဝင်များ၊ နန်းတွင်းမှူးမတ်များနှင့် စစ်သူကြီးများအားလုံးကို ပေဟိုင်နန်းတော်၌ ညစာစားသောက်ပွဲကျင်းပပေးခဲ့သည်။

ပေဟိုင်နန်းတော်မှာ တာ့ယန်မင်းဆက် အဆက်ဆက်တွင် နွေရာသီအပန်းဖြေနန်းဆောင်ဖြစ်၏။ လွန်ခဲ့သည့်ဆယ်နှစ်အတွင်း တိုင်းပြည်ဘဏ္ဍာများ ယုတ်လျော့လာမှုကြောင့် တဖြည်းဖြည်းလျစ်လျူရှုခံခဲ့ရသည်။ ပြီးခဲ့သည့်နှစ်အကုန်တွင်မူ ဧကရာဇ်မှာ ဆန္ဒတစ်ခု ဖြစ်လာခဲ့သည်။ သူက နည်းလမ်းတစ်ခုထုတ်၍ မြို့တော်ရှိအထက်တန်းလွှာမိသားစုများကို ငွေကြေးအမြောက်အမြားလှူဒါန်းလာစေရန် အတင်းဖိအားပေးခဲ့ပြီး နန်းဆောင်ကိုပြင်ဆင်ခဲ့ကာ လွန်ခဲ့သည့်လဝက်ကမှ ပြီးစီးခဲ့သည်။ ဒီနေ့တွင် ဧကရာဇ်က ခမ်းနားလှသည့်စားသောက်ပွဲကြီးတစ်ခုကို ကျင်းပပေးခဲ့သည်။ ရည်ရွယ်ချက်မှာ ကြွားဝါဖို့အပြင် ဘာမှမရှိ။

ကျုယန့်ထင်က မင်းသားဟွိုင်ကျုဟယ့်မင်နှင့် အတူပွဲရောက်လာခဲ့ပြီး သူတို့နှစ်ဦးသည် မင်းမျိုးနွယ်မင်းသားများအကြားတွင် ထိုင်နေ၏။ ကျုဟယ့်မင်က လူငယ်ခြေတက်တစ်ဦးသာဖြစ်သောကြောင့် သူ့ထိုင်ခုံနေရာမှာ သိပ်မသိသာသည့် ထောင့်စွန်းတစ်နေရာတွင် ဖြစ်သည်။

တာ့ယန်မင်းဆက်၏ ဘွဲ့အမည်များသည် မျိုးရိုးအလိုက်ဆက်ခံရပြီး အစားထိုး၍မရပေ။ ဘုရင့်သားတော်များအားလုံးသည် ပထမအဆင့်မင်းသားဘွဲ့(ချင်းဝမ်)များရကြသည်။ ချင်းဝမ်၏ သားအကြီးဆုံးမှာ အသက်ခြောက်နှစ်အရွယ်တွင် ဆက်ခံသူဖြစ်လာပြီး ကျန်ရှိသောသားများမှာ အသက်(၂၀)သို့ရောက်သည့်အခါ ဒုတိယအဆင့်မင်းသား(ကျွင့်ဝမ်၊ ခရိုင်မင်းသား)အဖြစ် သတ်မှတ်ခံရလိမ့်မည်။ ကျွင့်ဝမ်၏သားအကြီးဆုံးမှာ ဆက်ခံသူဖြစ်မည်ဖြစ်ပြီး ကျန်သားများမှာ မြို့များ၏စစ်သူကြီးများအဖြစ် အပ်နှင်းခံရမည်။ ဤသို့နှယ် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်၊ စသည်ဖြင့်ပင်...

ကျုဟယ့်မင်မှာ ချင်းဝမ်တစ်ပါးဖြစ်ပြီး ကျုယန့်ထင်မှာ အသက်(၂၀)ပြည့်လျှင် ကျွင့်ဝမ်ဖြစ်လာနိုင်သည်။ ထို့ကြောင့်ပင် တာ့ယန်မင်းဆက်တစ်ခုလုံးတွင် မင်းသားတစ်ပါးဖြစ်ရသည်မှာ အထူးအဆန်းမဟုတ်ပေ။

မိုးထက်ကသခင်လေးWhere stories live. Discover now