(16)

91 12 2
                                    

Unicode

(16)

ရှောင်းမုန်တဲထဲဝင်လာချိန်တွင် ရှောင်းလန့်နှင့်ကျုယန့်ထင်တို့ ရင်းနှီးသောအမူအရာဖြင့် ပူးကပ်နေသည်ကိုမြင်ပြီး သူက အံ့သြမသွားခဲ့ပေ။

ရှောင်းလန့်က ကျုယန့်ထင်လက်ကို မလွှတ်တမ်းကိုင်ထားပြီး ဘေးမှာရှောင်းမုန်မတ်တပ်ရပ်နေတာတောင်မှ သူက လွှတ်ပေးဖို့ငြင်းဆန်နေသည်။

ရှောင်းမုန်က ချောင်းဟန့်ကာ ကျုယန့်ထင်ကို မေးလိုက်သည် "သခင်လေးခြေထောက်က ဒဏ်ရာက ဘယ်လိုနေလဲ"

"သမားတော်လာကြည့်ပြီးပါပြီ၊ ထွေထွေထူးထူးမဖြစ်ပါဘူး၊ ဆက်ခံသူ စိုးရိမ်ကြောင့်ကြမဖြစ်ပါနဲ့" ကျုယန့်ထင်အသုံးအနှုန်းတွေက လွန်စွာယဉ်ကျေးမှုရှိသည်။

ရှောင်းမုန်က ခေါင်းညိတ်သည်။ သူက ရှောင်းလန့်ဆီ တစ်ချက်ကြည့်လိုက်ပြီးမှ သက်ပြင်းချကာဖြင့် "အခုကစပြီး တခမ်းတနား မပြောကြစို့၊ နောက်ပိုင်း အားလန့်ခေါ်သလိုပဲ မင်းကို ယန့်ထင်လို့ခေါ်မယ်၊ မင်းကလည်း အစ်ကိုလို့ခေါ်ပေါ့"

"ဟုတ်ကဲ့" ကျုယန့်ထင်က ပြုံးပြလိုက်၏ "အစ်ကို့ရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ယန့်ထင် ဘာမှမဖြစ်ပါဘူး"

"ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ဒီနေ့ကိစ္စမှာ အားလန့်ကိုယ်စား ကျေးဇူးအများကြီးတင်ပါတယ်"

ရှောင်းမုန်က ပြောပြီး လက်သီးနှစ်ဖက်ကိုဆုပ်ကာ လေးလေးနက်နက် ဦးညွှတ်လိုက်၏ "ကိုယ်တို့ချန်နယ်စားအိမ်တော်က မင်းရဲ့အသက်ကယ်ကျေးဇူးအတွက် အမြဲအမှတ်ရနေမှာပါ၊ ဘယ်တော့မှ မမေ့ပါဘူး"

"အစ်ကိုပြောတာ ပြင်းထန်နေပါပြီ၊ ကျွန်တော်က လုပ်ချင်လို့လုပ်ခဲ့တာပါ၊ နယ်စားအိမ်တော်ကနေ ဘာမှပြန်မလိုချင်ပါဘူး"

ရှောင်းလန့်က ကျုယန့်ထင်၏လက်ကို ဆုပ်ညှစ်လိုက်သည်။ သူ့အမူအရာက ပိုပြီး တည်ငြိမ်လာ၏။

ကျုယန့်ထင်က သူ့ကိုပြန်ဆုပ်ကိုင်ရင်း အသာပြုံးပြကာ ရှောင်းမုန်ကို နောက်တစ်ကြိမ်ထပ်ပြောလိုက်သည် "ချန်နယ်စားအိမ်တော်က ကျွန်တော့်နောက်ခံကို ဂရုပြုနေရပြီး ကျွန်တော်နဲ့ဝမ်းကွဲအစ်ကိုကိစ္စကို မကြိုက်တာ သိပါတယ်၊ ... ကျွန်တော် ဝမ်းကွဲအစ်ကိုနဲ့ပြောပြီးပါပြီ.. မင်းသားအဖြစ်ကိုစွန့်လွှတ်ပြီး ချန်နယ်စားအိမ်တော်ကို ဝင်လာဖို့ပါ.. ဒီလက်ထပ်ပွဲကြောင့်နဲ့တော့ နယ်စားအိမ်တော်ကို ဒုက္ခတောထဲမရောက်စေရပါဘူး"

မိုးထက်ကသခင်လေးWhere stories live. Discover now