Part 7

21.5K 1.9K 28
                                    

ဒန်နရယ် ငယ်စဉ်ကတည်းက များပြားလှသော နတ်ဘုရားပုံပြင်များကို အဘိုးအိုမာနူရာယ်ထံမှ ကြားနာခဲ့ရသည်။ အဓိကနတ်လေးပါးဖြစ်သော မြေ၊ နေ၊ လေ၊ ရေနတ်မင်းများ၏ တန်ခိုးအစွမ်းများအကြောင်းကို နားထောင်ရင်း ညပေါင်းများစွာ အိပ်မောကျခဲ့သည်။

နတ်ဆိုးများ၏ ကြောက်စရာ ရက်စက်မှုများကိုလည်း ကိုယ်တိုင်မတွေ့ကြုံခဲ့ရပေမယ့် အဘိုးအိုထံမှတစ်ဆင့် အကြိမ်ပေါင်းများစွာ နားထောင်ခဲ့ရသည်။ လူသားများအနေနှင့် ဖြစ်လာသမျှကို ခေါင်းငုံ့ခံကာ သေဆုံးရမည့်အချိန်ကို စောင့်စားနေရသည်ကို ဒန်နရယ်နားမလည်နိုင်။

အားနည်းသော တိရိစ္ဆာန်သတ္တ၀ါများပင် သူတို့ရပ်တည်ရှင်သန်မှုအတွက် နောက်ဆုံးအချိန်အထိ ကြိုးစားတိုက်ခိုက်ကြမည်ဖြစ်သည်။ အသိဥာဏ်ရှိသော လူသားများကမူ လူသားယဇ်ပူဇော်ခြင်း၊ ရှိသမျှ နတ်ဘုရားများကို ကြောက်လန့်ဆုတောင်းခြင်းများမှလွဲ၍ ဘာမှမလုပ်တတ်ကြ။

စမ်းချောင်းဘေးမှ အရိပ်ကောင်းသော သစ်ပင်ကြီးတစ်ပင်အောက်မှာ ဒန်နရယ်ထိုင်ချလိုက်သည်။ သူ့နဘေးမှ ရောင်စုံကျောက်စရစ်ခဲငယ်ကို စမ်းချောင်းထဲသို့ ခပ်သာသာ လွှဲပစ်လိုက်သည်။ ကြည်လင်နေသော စမ်းချောင်းရေကြောင့် ရေအောက်မှာ ငြိမ်သက်နားနေသည့် သူပစ်လွှတ်လိုက်သော ကျောက်စရစ်ငယ်ကို တွေ့နေရသည်။

"ဒန်နရယ်.."

သစ်ပင်ကွယ်မှ ခန့်ညားသော လူငယ်တစ်ယောက် ထွက်လာသည်။

မည်းမှောင်တိုတောင်းသော ဆံပင်နက်များသည် နေရောင်အောက်မှာ တောက်ပနေသည်။ ညိုမောင်းသောအသားအရေ ကျစ်လျစ်သော ကိုယ်ခန္ဓာပိုင်ရှင် လူငယ်၏ရုပ်ရည်သည် ပြတ်သားတည်ကြည်လှသည်။

အခြားသူများလို ရိုးရာဝတ်စုံချည်ထည်ကို မ၀တ်ဆင်ဘဲ အမည်းရောင်ဝက်ဝံသားရေကို သန်မာသောကိုယ်ခန္ဓာတွင် တစောင်းပါတ်ဝတ်ထားသည်။ သူ့ပခုံးပေါ်တွင် ခေါင်းနှင့်အမြီးမှာ စွတ်စွတ်ဖြူနေပြီး ကြီးမားသော အညိုရောင်အတောင်ပံများနှင့် သိမ်းငှက်ကြီးတစ်ကောင်ရှိနေသည်။

Black AngelWhere stories live. Discover now