Part 10 (Unicode)

9.1K 1K 5
                                    

ရဲရဲတောက်နေသော မီးလျှံများလို ပူပြင်းသော နေရောင်အောက်မှာ ဖရက်ဒီ တစ်နေကုန်ပြေးလာခဲ့သည်။ နေ့အလင်းရှိနေချိန်အတွင်းမှာ ကျောက်ဆောင်များနှင့် ဝေးနိုင်သမျှ ဝေးဝေးကိုရောက်နိုင်ရန် အားသွန်ပြေးနေသောကြောင့် ဖရက်ဒီ၏ ခြေထောက်များမှာ သဲပူများကို တို့ထိသည်ဟူ၍ပင် မခံစားမိဘဲ ပျံလွှားနေသည်ဟု ထင်ရသည်။ အစအဆုံးမရှိနိုင်ဟု ထင်ရသော သဲတောင်မို့များမှာ အနိမ့်အမြင့်မတူညွီစွာ တည်ရှိနေကြသည်။ အိစက်လွန်းသော သဲမှုန်များသည် တိမ်မှုန်များလို နူးညံ့လွန်းလှပေမယ့် ၎င်းတို့ပေါင်းစည်းထားသော သဲတောင်များမှာမူ ပိရမစ်များနှယ် ထည်ဝါခိုင်ခန့်လွန်းနေသည်။

ဘယ်နှစ်ကြိမ်မြောက်မှန်းမသိအောင် အိပ်ပျော်သွားရာမှ ဒန်နရယ် နိုးထလာသည်။ ပင်ပန်းမှုကြောင့်ရော ပူပြင်းမှုကြောင့်ပါ အကြိမ်ပေါင်းများစွာ ဖရက်ဒီ့ကျောကိုမှီကာ အိပ်မောကျသွားတတ်သည်။ နိုးလာတိုင်းသဲပြင်ပူများမှဟပ်သော တံလျှပ်များကြားတွင် အဆက်မပြတ် ပြေးလွှားနေသော ဖရက်ဒီ့မှလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံး သဲဝါများသာ နေရာတကာရှိနေသည်။ ဘယ်ကိုရောက်၍ ဘယ်အချိန်ရှိနေမှန်းမသိသလို ဒန်နရယ်၏ ခေါင်းတစ်ခုလုံး မူးနောက်နောက်ဖြစ်နေသည်။

"ဖရက်..."

"........."

"ခင်ဗျား မပင်ပန်းသေးဘူးလား.. ခဏနားရအောင်.. ကျွန်တော်တို့သွားချင်တဲ့နေရာကို တစ်ရက်တည်းနဲ့ ရောက်ဖို့မလိုပါဘူး.. ခင်ဗျားဘာလို့ ဒီလောက်အလောကြီးနေရတာလဲ.."

"ခဏနေရင် ငါတို့နားနိုင်မယ့် နေရာတစ်ခုကို ရောက်တော့မှာပါ.. ခဏလေးသည်းခံ.."

အရပ်လေးမျက်နှာလုံး သဲတောင်များသာရှိနေပေမယ့် ဖရက်ဒီ တစ်ခုခုကိုသေချာလှမ်းမြင်ရသည့်အလား ယုံကြည်မှုအပြည့်ဖြင့် ပြောနေခြင်းဖြစ်သည်။ တစ်နေကုန် ဖရက်ဒီ့ကျောမှာ တောက်တဲ့တစ်ကောင်လို တွယ်ကပ်နေရ၍ ဒန်နရယ် ညောင်းညာကိုက်ခဲနေသော်လည်း တကယ်တမ်း သူ ဘာမှလုပ်ခဲ့သည်မဟုတ်။ ပူလောင်မှုကြောင့် မျက်နှာများနီရဲကာ မခံမရပ်နိုင်လောက်အောင် ရေဆာနေသည်မို့ နှုတ်ခမ်းများခြောက်သွေ့အက်ကွဲနေခြင်းသာရှိသည်။

Black AngelWhere stories live. Discover now